အီတလီစူပါဖလားဆွတ်ခူးပြီးနောက် ယူနိုက်တက်ကို ဆိုရှယ်မီဒီယာမှတစ်ဆင့် တိုက်ခိုက်လာတဲ့ ဟွိုက်လန်း
အင်္ဂါနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အီတလီစူပါဖလားဗိုလ်လုပွဲစဉ်မှာ ဘိုလော့ဂ်နာကို ၂-၀ နဲ့အနိုင်ရရှိကာ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်မှ နာပိုလီသို့အငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ တိုက်စစ်မှူးရက်စ်မွတ်စ်ဟွိုက်လန်းက ဆိုရှယ်မီဒီယာမှတစ်ဆင့် ယူနိုက်တက်ကို တုံ့ပြန်လာခဲ့ပါတယ်။
ဟွိုက်လန်းဟာ ပြီးခဲ့တဲ့နွေရာသီက အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာကာ နာပိုလီသို့ ၁ ရာသီအငှားစာချုပ်နဲ့သွားရောက်ကစားနေတာဖြစ်ပြီး အသင်းသစ်မှာခြေစွမ်းပြနေတာကြောင့် ရာသီကုန်မှာ နာပိုလီအနေနဲ့ ဒိန်းမတ်လက်ရွေးစင်ကို အပြီးသတ်ခေါ်ယူသွားဖွယ်ရှိနေပါတယ်။
ယခုအခါ ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်ဒ်မြို့မှာကစားခဲ့တဲ့ အီတလီစူပါဖလားပွဲစဉ်မှာ ဟွိုက်လန်းဟာ နာပိုလီအတွက် ပွဲထွက်ပါဝင်ကစားခဲ့ပြီး နိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် အသင်းသစ်နဲ့အတူ ဆုဖလားအောင်မြင်မှုစတင်ရရှိခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ဟွိုက်လန်းရဲ့ယူနိုက်တက်အသင်းဖော်ဟောင်း စကော့မက်တိုမီနေးကလည်း ပွဲထွက်ပါဝင်ခဲ့ပြီး စကော့တလန်သားဟာ ၂၀၂၄ နွေရာသီကတည်းက နာပိုလီသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ကာ အီတလီမြေမှာ တစ်ဦးချင်းအောင်မြင်မှုတွေပါ သိမ်းပိုက်ထားသူဖြစ်ပါတယ်။
ပွဲချိန်မိနစ် ၉၀ အပြည့်ကစားခဲ့ပြီးနောက် ပွဲအပြီးမှာ ဟွိုက်လန်းက စူပါဖလားကိုကိုင်ဆောင်ထားတဲ့ဓာတ်ပုံနဲ့အတူ ဆိုရှယ်မီဒီယာမှတစ်ဆင့် "မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတာ ဒါကိုခေါ်တာပါ" ဆိုတဲ့စာသားနဲ့အတူ ဝေမျှခဲ့ပါတယ်။ ဒါကြောင့် အခုလို ဟွိုက်လန်းရဲ့ဓာတ်ပုံနဲ့ စာသားဟာ မိခင်ကလပ် ယူနိုက်တက်ကို စောင်းမြောင်းတိုက်ခိုက်တာဖြစ်တယ်လို့ ယူဆရပါတယ်။
ဟွိုက်လန်းဟာ ဒီရာသီမှာ နာပိုလီအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲကစားပြီးချိန်မှာ ၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပါတယ်။ ဒိန်းမတ်လက်ရွေးစင်ဟာ ယူနိုက်တက်မှာတော့ စုစုပေါင်း ၉၅ ပွဲကစားကာ ၂၆ ဂိုးသာသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြဟောင်း အဲရစ်တန်ဟက်လက်ထက်မှာ ဟွိုက်လန်းအနေနဲ့ ယူနိုက်တက်အတွက်ပုံမှန်ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် နည်းပြသစ် ရူဘင်အာမိုရင်ရောက်ရှိလာချိန်မှာတော့ နေရာမရတာကြောင့် အသင်းနဲ့လမ်းခွဲဖို့သာဆုံးဖြတ်ခဲ့ရပါတယ်။
အာမိုရင်ဟာ ဟွိုက်လန်းနေရာမှာအစားထိုးဖို့ တိုက်စစ်မှူးသစ် ဘင်ဂျမင်ဆက်စ်ကိုကို ခေါ်ယူခဲ့ပေမယ့် ဆက်စ်ကိုကလည်း ဟွိုက်လန်းလိုပဲ ယူနိုက်တက်မှာ ဂိုးပေါက်တွေ့ဖို့ရုန်းကန်နေရပြီး ဒီရာသီပြိုင်ပွဲစုံ ၁၄ ပွဲကစားပြီးချိန်မှာ ၂ ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။