The network connection is lost.

Banner Image

အာဖရိကပွဲစဉ်တွေအတွက် အသင်းမှထွက်ခွာသွားမယ့်ကစားသမားတွေရဲ့ခရီးစဉ်ကို ရွှေ့ဆိုင်းလိုနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အာဖရိကနိုင်ငံများဖလားအတွက် အသင်းမှထွက်ခွာသွားရမယ့် ဘရိုင်ယန်အမ်ဘွေမို၊ မာဇရာဝီနဲ့ အာမက်ဒီယာလိုတို့ရဲ့ ခရီးစဉ်တွေကိုရွှေ့ဆိုင်းလိုနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ စည်းမျဉ်းများအရ သက်ဆိုင်ရာလက်ရွေးစင်အသင်းတွေဟာ ပထမဆုံးပွဲ မကစားမီ ၂ ပတ်အလိုမှာပဲ ကစားသမားများကို ကလပ်တွေကနေ ဆင့်ခေါ်ခွင့်ရှိနေပါတယ်။ အဆိုပါစည်းမျဉ်းအတိုင်းယူနိုက်တက် လိုက်နာခဲ့မယ်ဆိုရင်တော့ ဒီဇင်ဘာလ ၈ ရက်နေ့ ဝုဗ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဝန်းကျင်မှာပဲ အဆိုပါကစားသမားတွေကို လက်ရွေးစင်အသင်းတွေသို့ စေလွှတ်ပေးရတော့မှာဖြစ်ပါတယ်။

ယခုတစ်ခေါက် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ယူနိုက်တက် နောက်တန်းကစားသမား မာဇရာဝီရဲ့ မော်ရိုကိုအသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ကိုမိုရော့စ်အသင်းနဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကစားရမှာဖြစ်ပါတယ်။ 

အိုင်ဗရီကို့စ် တောင်ပံကစားသမား အာမက် နဲ့ ကင်မရွန်း တိုက်စစ်မှူး အမ်ဘူမိုတို့ကတော့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ သူတို့ရဲ့ ပထမဆုံးပွဲတွေကို ကစားရမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲကို ဇန်နဝါရီ ၁၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်လို့ တကယ်လို့ အဆိုပါကစားသမားတွေဟာ နောက်ဆုံးအဆင့်ထိ တက်ရောက်နိုင်မယ်ဆိုရင် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ၈ ပွဲနှင့် FA ဖလား တတိယအဆင့်ပွဲစဉ်တွေအထိ လွဲချော်သွားကြမှာဖြစ်ပါတယ်။ 

အဆိုပါကစားသမား ၃ ဦးစလုံးဟာ ယူနိုက်တက်အတွက်အလွန်အရေးပါသူတွေဖြစ်တာကြောင့် ၃ ဦးစလုံးကို ကာလရှည်လက်လွှတ်ရမယ်ဆိုပါက ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်း အတော်လေးရုန်းကန်သွားရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာတော့ယူနိုက်တက်ဟာ ဂိုးသမား အန်ဒရေအိုနာနာကို အသင်းမှာ ကာလရှည်ထိန်းသိမ်းနိုင်ခဲ့ပြီး အာဖရိကပြိုင်ပွဲမစတင်မီ ၂ ရက်အလိုအထိ အသင်းမှာဆက်ရှိစေခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ အာမိုရင်က "ကျွန်တော်တို့ ကစားသမားတွေကို နိုင်ငံအသင်းတွေဆီစေလွှတ်ပေးရမယ့်စည်းမျဉ်းတွေရှိနေပါတယ်။ ကစားသမားတွေကို အသင်းမှာတတ်နိုင်သလောက်ထိန်းထားချင်ပေမယ့် ဒီအခွင့်အရေးက ကျွန်တော်တို့လက်ထဲမှာပဲရှိနေတာမဟုတ်ပါဘူး။ ဒါပေမယ့် အသင်းကိုရော၊ လက်ရွေးစင်ကစားသမားတွေကိုပါ ကာကွယ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်တွေနဲ့ အဆင်ပြေအောင်ညှိနှိုင်းသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အသင်းရဲ့တိုက်စစ်မှူး ဆက်စ်ကိုရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း အာမိုရင်က "ဆက်စ်ကိုက ရက်သတ္တပတ်အနည်းငယ်တော့အနားယူရပါမယ်။ ဘယ်လောက်ကြာမလဲ အတိအကျမသိရသေးပေမယ့် ဒဏ်ရာက အရမ်းတော့မပြင်းထန်ပါဘူး။ ကျွန်တော်တို့ ဂရုစိုက်ဖို့တော့ လိုအပ်နေပါသေးတယ်။ အခု သူက ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်နေပြီဖြစ်ပြီး အခြေအနေပိုကောင်းလာမယ်လို့ ခံစားရပါတယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ပြန်ကစားနိုင်မှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

သောကြာနေ့နံနက်ကပြုလုပ်ခဲ့တဲ့ ယူနိုက်တက်ရဲ့လေ့ကျင့်ရေးအစီအစဉ်ကိုတော့ ဆက်စ်ကိုသာမက ဟယ်ရီမက်ဂွါရီနဲ့ ကိုဘီမိုင်နူးတို့လည်း လွဲချော်ခဲ့ကြတယ်လို့ သိရပါတယ်။ လာမယ့်တနင်္လာနေ့မှာ ယူနိုက်တက်ဟာ အဲဗာတန်နဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကို မက်ဂွါရီနဲ့ ဆက်စ်ကိုတို့လွဲချော်သွားမှာဖြစ်ပေမယ့် မိုင်နူးကတော့ ပြန်လည်ပါဝင်လာဖွယ်ရှိပါတယ်။