
ရာသီကုန်မှာ မာရက်စ်ကာကို ဆက်ခန့်မလား ထုတ်ပယ်မလား ဆုံးဖြတ်သွားမယ့် ချဲလ်ဆီး
ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာရဲ့ရာထူးဟာ မတည်မငြိမ်ဖြစ်လာခဲ့ပြီး ယခုအခါမှာတော့ သတင်းတွေအရ ချဲလ်ဆီးဟာ ရာသီကုန်ပါက မာရက်စ်ကာကို အသင်းမှာဆက်ခန့်မလား ထုတ်ပယ်မလား အဆုံးအဖြတ်ပေးသွားမယ်လို့သိရပါတယ်။ ချဲလ်ဆီးအနေနဲ့ ရာသီဝက်ကာလမှာတော့ နည်းပြအပြောင်းအလဲပြုလုပ်ဖို့ အစီအစဉ်မရှိသလို၊ ဘုတ်အဖွဲ့ကလည်း မာရက်စ်ကာကို အပြည့်အဝထောက်ခံနေတာကြောင့် ရာသီကုန်အထိစောင့်ကြည့်သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးဟာ ဘရိုက်တန်ကို ၁-၃ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် ပရိသတ်တွေအကြားဝေဖန်မှုတွေပေါ်ထွက်လာခဲ့ပြီး မာရက်စ်ကာရဲ့အသင်းဟာ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ သို့သော်လည်း သတင်းတွေက ချဲလ်ဆီးအသင်းပိုင်ရှင်တွေနဲ့ ဘုတ်အဖွဲ့ဟာ အီတလီသားအပေါ် ယုံကြည်မှုရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရာသီက မာရက်စ်ကာဟာ ချဲလ်ဆီးအတွက် ကွန့်ဖရန့်လိဂ်ဖလားကိုဆွတ်ခူးပေးနိုင်ခဲ့သလို၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆုဖလားအောင်မြင်မှုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ထောက်ခံမှုတွေဆက်လက်ကျန်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဘုတ်အဖွဲ့က လက်ရှိအသင်းရဲ့လူစာရင်းမှာ ဒဏ်ရာရကစားသမားများပြားနေခြင်းနဲ့ စည်းကမ်းပိုင်းဆိုင်ရာချွတ်ယွင်းမှုတွေကြောင့် အခုလိုရလဒ်ဆိုးတွေကြုံတွေ့နေရတာဖြစ်တယ်လို့လည်း လက်ခံထားကြပါတယ်။
ဒါကြောင့် ရာသီဝက်ကာလမှာ နည်းပြအပြောင်းအလဲပြုလုပ်မှာမဟုတ်ဘဲ ရာသီကုန်အထိ အီတလီသားကိုစောင့်ကြည့်သွားကြမှာဖြစ်ပြီး မာရက်စ်ကာဟာ ချဲလ်ဆီးအတွက် စစ်မှန်တဲ့နည်းပြဖြစ်တာကြောင့် ရလဒ်ကောင်းတွေပြန်လည်ပုံဖော်ပေးနိုင်မယ်လို့လည်း ဘုတ်အဖွဲ့က ယုံကြည်ထားပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ချဲလ်ဆီးဟာ နည်းပြဟောင်းဟိုဆေးမော်ရင်ဟို ကိုင်တွယ်နေတဲ့ ဘင်ဖီကာကို အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး မာရက်စ်ကာတစ်ယောက် နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။