၂ ပွဲဆက်ရှုံးနိမ့်ခဲ့ပေမယ့် စိတ်မပူကြဖို့ အသင်းဖော်တွေကိုတိုက်တွန်းလိုက်တဲ့ ရိုင်ဒါစ်
မန်ချက်စတာစီးတီးကွင်းလယ်လူ တီဂျာနီရိုင်ဒါစ်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ၂ ပွဲဆက်အရေးနိမ့်ခဲ့ပေမယ့် စိတ်မပူကြဘဲ ပုံမှန်အတိုင်းဆက်သွားဖို့ အသင်းဖော်တွေကို တိုက်တွန်းပြောကြားလာခဲ့ပါတယ်။ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းရရှိဖို့လိုအပ်ခဲ့ပေမယ့် လေဗာကူဆင်ကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိဘဲ ၂ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ နည်းပြကြီး ပက်ဂွါဒီယိုလာဟာ လေဗာကူဆင်နဲ့ပွဲမှာ ကစားသမား ၁၀ ယောက်အထိ လူစာရင်းအပြောင်းအလဲပြုလုပ်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ခြင်းမရှိပါဘူး။
မန်စီးတီးဟာ လေဗာကူဆင်ကို အသာစီးကနေကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာပဲ ဂရီမယ်လ်ဒိုရဲ့သွင်းဂိုးကို စောစောစီးစီးခွင့်ပြုခဲ့ရပြီး ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒုတိယပိုင်းမှာလည်း လေဗာကူဆင်ကပဲ အခွင့်အရေးတွေကို ထပ်မံအသုံးချကာ ပက်ထရစ်ရှစ်ခ်ရဲ့သွင်းဂိုးနဲ့အတူ အင်္ဂလန်မြေမှာ ဂိုးပြတ်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ မန်စီးတီးအနေနဲ့ လိဒ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုသာ အာရုံစိုက်သွားရတော့မှာဖြစ်ပြီး နိုင်ပွဲပြန်ရဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် လေဗာကူဆင်နဲ့ပွဲစဉ်မှာ ဂွါဒီယိုလာအနေနဲ့ အသင်းရဲ့လူစာရင်းမှာ အရန်ကစားသမားအများစုကို အသုံးပြုခဲ့တာကြောင့် ဝေဖန်ပြောဆိုမှုတွေနဲ့လည်း ကြုံတွေ့ထားရပါတယ်။
ယခုအခါမှာ ရိုင်ဒါစ်က "လေဗာကူဆင်ကိုရှုံးနိမ့်ခဲ့တာ စိတ်ပျက်စရာပါ။ ဒါပေမယ့် ကျွန်တော်တို့ ယုံကြည်မှု ဆုံးရှုံးသွားလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အသင်းက ဒီပုံစံအတိုင်းအရင်က အကောင်းဆုံးလုပ်နိုင်ခဲ့လို့ ဒါကိုဆက်ထိန်းပြီး နောက်ပွဲမှာ အနိုင်ရလဒ်ကို ပုံဖော်သွားရပါမယ်။ ၂ ပွဲဆက်ရှုံးခဲ့ပေမယ့် ထိတ်လန့်တကြားဖြစ်နေစရာမလိုပါဘူး။ ဒီလိုရှုံးခဲ့တာက ကောင်းတဲ့အရာတော့မဟုတ်ပေမယ့် ဒီရာသီမှာ ကျွန်တော်တို့အတွက် အခွင့်အရေးတွေအများကြီးရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့သိထားရပါမယ်။ တစ်ပွဲချင်းစီ ရှေ့ဆက်သွားဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လေဗာကူဆင်ကိုအရေးနိမ့်ပြီးနောက် မန်စီးတီးဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာကို ကျဆင်းသွားခဲ့ပြီး အုပ်စုအဆင့်လက်ကျန် ၃ ပွဲသာကစားရဖို့ရှိတော့တာကြောင့် နောက်တစ်ဆင့်ကို ထိပ်ဆုံး ၈ သင်းအနေနဲ့ တိုက်ရိုက်တက်ရောက်နိုင်ဖို့ အမှားခံလို့မရတော့တဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်။