အီတလီနဲ့ပွဲမှာ တင်ပါးအကိုင်ခံခဲ့ရလို့ ဂိုးသွင်းဖို့ တွန်းအားတွေရခဲ့ကြောင်း ဖွင့်ဟပြောကြားလာတဲ့ ဟာလန်း
မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းဟာ ယခုသီတင်းပတ်အတွင်း နော်ဝေလက်ရွေးစင်အသင်းအတွက်ပါဝင်ကစားရင်း အီတလီကို ၁-၄ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား ဂျီယန်လူကာ မန်စီနီနဲ့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အချေအတင်တစ်ခုအကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နော်ဝေကို ကမ္ဘာ့ဖလားဝင်ခွင့်ပြန်လည်ရရှိစေခဲ့တဲ့အဆိုပါပွဲစဉ်မှာ ဟာလန်းဟာ အသင်းအတွက် ၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ သူ့အနေနဲ့ ဂိုးသွင်းဖို့တွန်းအားရခဲ့ခြင်းမှာ မန်စီနီရဲ့ လက်သရမ်းမှုကြောင့်ဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
အီတလီအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ဖို့အတွက် အဆိုပါပွဲစဉ်မှာ နော်ဝေကို အနည်းဆုံး ၉ ဂိုးပြတ်အနိုင်ရဖို့လိုအပ်တာကြောင့် ပထမပိုင်းမှာ ဖိအားပေးကစားပြီး ဦးဆောင်ဂိုးလည်းသွင်းယူနိုင်ခဲ့ပါတယ်။ သို့သော်လည်း ဒုတိယပိုင်းမှာတော့ အီတလီတို့ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိတော့ဘဲ နော်ဝေအတွက်ချေပဂိုးကို အန်တိုနီယိုနူဆာက ပြန်လည်သွင်းယူခ့သလို၊ဟာလန်းကလည်း ၂ ဂိုးဆက်တိုက်သွင်းယူကာ မီလန်မြို့မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ဟာလန်းဟာ ခြေစစ်ပွဲ ၈ ပွဲအတွင်း စုစုပေါင်း ၁၆ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အီတလီကိုတော့ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ နောက်ထပ်ခြေစစ်ပွဲတွေဆီ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယခုပွဲစဉ်အတွင်း ဟာလန်းနဲ့ အီတလီကစားသမား မန်စီနီတို့အချင်းများခဲ့ကြပြီး ဟာလန်းက အချေအတင်ဖြစ်နေစဉ်အတွင်း မန်စီနီကသူ့တင်ပါးကိုလာကိုင်ခဲ့တာကြောင့် ဂိုးသွင်းဖို့ တွန်းအားဖြစ်စေခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။
မန်စီးတီးကြယ်ပွင့်က "ရလဒ်က ၁-၁ ဖြစ်နေချိန်မှာ သူနဲ့စကားအချေအတင်ဖြစ်ခဲ့ပြီး သူက ကျွန်တော့်တင်ပါးကိုလာကိုင်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီကောင်ဘာလုပ်တာလဲပေါ့။ ဒါနဲ့ပဲ မင်းဒီလိုတွန်းအားလာပေးလို့ကျေးဇူးပဲလို့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြောပြီး ဂိုးသွင်းဖို့အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် ၂ ဂိုးသွင်းခဲ့ပြီး ၄-၁ နဲ့နိုင်ခဲ့ပါတယ်။ ဒါက သူ့ရဲ့ကျေးဇူးကြောင့်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
မကြာသေးမီရက်သတ္တပတ်တွေအတွင်း ကစားသမားဘဝ အကောင်းဆုံးခြေစွမ်းကိုရရှိလာခဲ့တဲ့ ဟာလန်းဟာ ယခုအခါ နော်ဝေအသင်းအတွက်လည်း ဂိုးတွေတောက်လျှောက်သွင်းပေးထားနိုင်ပါတယ်။ ယခုအခါမှာ ဟာလန်းဦးဆောင်တဲ့နော်ဝေအသင်းကလည်း နှစ်ပေါင်း ၂၈ နှစ်အတွင်းပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့ပြီဖြစ်လို့ ဟာလန်းအနေနဲ့သူ့ရဲ့ဖခင် အင်ဂျီဟာလန်းရဲ့ခြေရာကိုနင်းနိုင်ခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။