The network connection is lost.

Banner Image

အီတလီကို ဂိုးပြတ်အနိုင်ယူပြီး ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့်ပြန်လည်ရရှိခဲ့တဲ့ နော်ဝေ

တနင်္လာနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ‌နော်ဝေဟာ အီတလီကို ၁-၄ နဲ့ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ခြေစစ်ပွဲစဉ်အုပ်စုအတွင်း ရာနှုန်းပြည့်နိုင်ပွဲနဲ့  ၂၇ နှစ်အကြာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲသို့  ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။  ယခုပွဲစဉ်မှာ အီတလီအနေနဲ့ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ဖို့အတွက် နော်ဝေကိုအနည်းဆုံး ၉ ဂိုးပြတ်အနိုင်ရဖို့လိုအပ်တာကြောင့် ပထမပိုင်းမှာ‌တောက်လျှောက်ဖိကစားခဲ့ပြီး ဦးဆောင်ဂိုးလည်းရယူနိုင်ခဲ့ပါတယ်။ သို့သော်လည်း ဒုတိယပိုင်းမှာတော့ နော်ဝေက ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်လည်သွင်းယူပြီး ကမ္ဘာ့ဖလားဝင်ခွင့်ကို သေချာစေခဲ့တာဖြစ်ပါတယ်။

အီတလီအနေနဲ့ ပထမပိုင်းအတွင်းမှာ ပုံစံကောင်းရရှိခဲ့ပြီး အပိုင်အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် ၁ ဂိုးသာရရှိခဲ့သလို၊ နော်ဝေကတော့ ဒုတိယပိုင်း အီတလီခြေစွမ်းကျဆင်းသွားချိန်မှ ဂိုးတွေဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။ နော်ဝေအနေနဲ့ ပထမပိုင်းအတွင်းမှာတော့ ရှားရှားပါးပါး အခွင့်အရေးတစ်ကြိမ်သာရရှိခဲ့ကာ အန်တိုနီယိုနူဆာက ဂိုးပေါက်တည့်မတ်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။

သို‌သော်လည်း ဒုတိယပိုင်းမှာတော့ နော်ဝေအတွက်ချေပဂိုးကို နူဆာက ၆၃ မိနစ်မှာ စတင်သွင်းယူခဲ့သလို၊ တိုက်စစ်မှူး အာလင်းဟာလန်းကလည်း ထုံးစံအတိုင်း ၂ ဂိုးဆက်သွင်းယူခဲ့တာကြောင့် အနိုင်ရဖို့အတွက်သေချာစေခဲ့ပါတယ်။ ဒါ့အပြင် ပွဲပြီးကာနီးမှာ လာဆင်က နော်ဝေအတွက် နောက်ဆုံးဂိုးကို ထပ်မံသွင်းယူခဲ့တာကြောင့် အီတလီမြေမှာ နော်ဝေသားတွေ ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့်နဲ့အတူ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။ 

နော်ဝေက ၂၇ နှစ်အတွက် ကမ္ဘာ့ဖလားဝင်ခွင့်ပြန်လည်ရရှိခဲ့ပေမယ့် တစ်ဖက်မှာ အီတလီကတော့ ပြိုင်ပွဲကို ၃ ကြိမ်ဆက်တိုက်လွဲချော်ခြင်းမှ ရှောင်လွှဲနိုင်ဖို့အတွက် နောက်ထပ်ခြေစစ်ပွဲတွေမှာ အနိုင်ရလဒ်တွေ ဖော်ဆောင်သွားနိုင်ဖို့လိုအပ်နေမှာဖြစ်ပါတယ်။