The network connection is lost.

Banner Image

ချန်ပီယံလိဂ်ရှုံးပွဲအပြီး လီဗာပူးနည်းပြဘဝအနာဂတ်နဲ့ပတ်သက်လို့ တုံ့ပြန်မှတ်ချက်ပေးလာတဲ့ အန်းစလော့

အန်ဖီးလ်မှာ နောက်ထပ်အရှက်တကွဲရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရပြီးနောက် အန်းစလော့က သူ့ရဲ့လီဗာပူးနည်းပြတာဝန်အတွက် စိုးရိမ်ပူပန်နေခြင်းအလျှဉ်းမရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ကြိုးကြာနီတွေက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အန်ဖီးလ်မှာ နော်တင်ဟမ်ဖောရက်စ်ကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ပီအက်စ်ဗွီကို ၁-၄ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။

လတ်တလောမှာ လီဗာပူးက ပြည်တွင်းလိဂ်ပြိုင်ပွဲမှာရော၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ အမှတ်ပေးဇယားထိပ်ပိုင်း ၁၀ သင်းစာရင်းအတွင်း မပါဝင်လာတော့ပါဘူး။ ပြိုင်ပွဲစုံနောက်ဆုံး ၁၂ ပွဲမှာ ကိုးပွဲရှုံးနိမ့်မှုအပြင် နောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်မှုမှာ ပေးဂိုး ၁၀ ဂိုးအထိ ရှိနေခြင်းနဲ့အတူ မာဆေးဆိုဒ်ကလပ်အသင်းအပေါ် ခံစားချက်တွေဟာ အလွန်အနုတ်သဘောဆောင်ပြီး စိတ်ပျက်စရာကောင်းလွန်းနေပြီလို့ အန်းစလော့က ဝန်ခံခဲ့ပါတယ်။

သူ့အသင်းရဲ့ကျဆင်းနေမှုနဲ့ပတ်သက်လို့ ကြိုးကြာနီနည်းပြက “ ပထမပိုင်းပွဲချိန်အပြီးအထိ ကျွန်တော်တို့အသင်း အကောင်းဆုံးကစားနိုင်ခဲ့လို့ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ကစားမားတွေရဲ့တုံ့ပြန်မှုကို အပေါင်းလက္ခဏာဆောင်စေဖို့ လိုလားခဲ့ပါတယ်”လို့ ဆိုပါတယ်။ ဒီတစ်ကြိမ်မှာလည်း ပွဲအစခြောက်မိနစ်ပယ်နယ်တီနဲ့အတူ ပြိုင်ဘက်ဆီ စောစောစီးစီးဦးဆောင်ဂိုး ခွင့်ပြုပေးရမှုနဲ့အတူ အခုလိုမျိုးအမှားတွေကို လီဗာပူးကစားသမားတွေ မကြာသေးခင်ကာလတွေမှာ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်။

အန်းစလော့က “ နောက်ထပ်စိတ်ပျက်စရာတစ်ခုအပြီး ကျွန်တော်တို့တွေ ပွဲဆီပြန်လာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ ၂-၁ ဂိုးနဲ့ဦးဆောင်နိုင်မယ့်အခွင့်အရေးတွေ လုံလုံလောက်လောက်ရရှိခဲ့တယ်လို့ ထင်ပါတယ်။ ပထမပိုင်းအပြီး တစ်ဖက်တစ်ဂိုးစီသရေကျနေချိန် ကျွန်တော်တို့အသင်းကို ၁-၄ ဂိုးဖြင့် ရှုံးနိမ့်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပါဘူး။
ပထမဆုံးဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ကျွန်တော်မြင်တွေ့လိုတဲ့တုံ့ပြန်မှုပုံစံမျိုးကို မြင်တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်မြင်တွေ့လိုက်ရတဲ့စိတ်ဓါတ်ပိုင်းက အားလုံးသိထားကြတဲ့ပုံစံအတိုင်း ဖြစ်သွားပါတယ်။ ဒါပေမဲ့ စိတ်ပျက်စရာတွေ အများကြီးကြုံတွေ့ခဲ့တယ်ဆိုရင်တောင် အမြဲတမ်းတော့ လွယ်ကူနေမှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

ဆက်လက်ပြီး အန်းစလော့က ဒုတိယပိုင်းစတင်လာချိန်မှာပဲ ဦးဆောင်ဂိုးပေးလိုက်ရမှုအပြင် ခံစစ်ပိုင်းအလွဲအမှားကြောင့် တတိယမြောက်ဂိုးပါပေးလိုက်ရခြင်းကို လက်သင့်ခံပေးဖို့ဆိုတာ ခက်ခဲလွန်းပါတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ပီအက်စ်ဗွီက နာကျင်အချိန်ပိုမှာ စတုတ္ထမြောက်ဂိုးကို ဆက်လက်သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ဒတ်ချ်လူမျိုးနည်းပြက အခုအချိန်မှာတော့ အရာအားလုံးကို ကျော်ဖြတ်သွားဖို့ပဲ ကျန်ပါတော့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အန်းစလော့က “ အခက်အခဲတွေကို ရဲရဲရင့်ရင့်ရင်ဆိုင်ပြီး အားသွန်ခွန်စိုက် ကြိုးစားသွားရမယ်လို့ ကျွန်တော်ပြောချင်တာပါ။အခုလိုမျိုးဂိုးတွေပေးနေရတဲ့ အရည်အချင်းမျိုး ကျွန်တော်တို့မှာ မရှိနေဘူးဆိုရင် ပျော်စရာကောင်းလာပါလိမ့်မယ်။  ဒီခံစားချက်မျိုးကို ပေးဂိုးတစ်ခုတည်းကြောင့် မဟုတ်ဘဲ ကျွန်တော်တင်မက ကျွန်တော့်ရဲ့ကစားသမားတွေအပြင် ပရိသတ်တွေဆီမှာပါ ရှိလိမ့်မယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။

လီဗာပူးရဲ့လတ်တလောရလဒ်ပိုင်းဆိုးရွားနေမှုကြောင့် သူ့ရဲ့အလုပ်တာဝန်ကို အန္တရာယ်ဖြစ်စေမလားဆိုတဲ့ မေးခွန်းကိုလည်း အန်းစလော့က “ No. ကျွန်တော်ကတော့ စိတ်မပူမိပါဘူး။ ကျွန်တော့်ရာထူးနေရာထက် ကျွန်တော့်ရဲ့အာရုံစူးစိုက်မှုက အခြားအရာတစ်ခုအပေါ်မှာပဲ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပိုကောင်းအောင်လုပ်ဖို့ လိုအပ်နေပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။

လတ်တလောမှာ ဂျာမနီအသင်းနည်းပြနာဂယ်စ်မန်းကို လီဗာပူးအသင်း စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။