ပီအက်စ်ဗွီကိုရှုံးနိမ့်ခဲ့မှုအပေါ် လက်သင့်ခံနိုင်စရာလုံးဝမရှိသောရလဒ်အဖြစ် အပြင်းအထန်ဝေဖန်လိုက်တဲ့ ဂျရတ်
ပီအက်စ်ဗွီနဲ့ရင်ဆိုင်ရချိန် နောက်ဆုံး ၁၂ ပွဲမှာ ကိုးကြိမ်မြောက်ရှုံးနိမ့်မှုကို ပိုင်ဆိုင်ခဲ့တဲ့ လီဗာပူးရဲ့စိတ်ပျက်စရာခြေစွမ်းအပေါ် ပွဲပြီးဆုံးချိန်၊ အန်ဖီးလ်ကွင်းအတွင်း လှောင်ပြောင်မှုတွေ ရှိလာခဲ့ပါတယ်။ အသုံးစရိတ်ပေါင်သန်း ၄၅၀ နီးပါးရှိခဲ့တဲ့ နွေရာသီကာလတစ်ခုအပြီး ဖြေရှင်းပုံနည်းလမ်းရှာမတွေ့သေးတဲ့ အန်းစလော့ရဲ့အနာဂတ်နဲ့ပတ်သက်လို့လည်း မေးခွန်းထုတ်မှုတွေ ပိုမိုများပြားလာပါတယ်။
ပီအက်စ်ဗွီကို ၁-၄ ဂိုးဖြင့် ရှုံးနိမ့်မှုက ၃၃ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် သုံးပွဲဆက်တိုက် သုံးဂိုးထက်မနည်းခွင့်ပြုပေးရတဲ့ လီဗာပူးအသင်းအဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။ ဒီလိုအခြေအနေအပေါ် လက်သင့်ခံပေးနိုင်မလားလို့ လီဗာပူးဂန္တဝင်ဂျရတ်ဆီ မေးမြန်းရာမှာ သူက “ No. လက်သင့်ခံနိုင်စရာအကြောင်းတရား လုံးဝမရှိပါဘူး။ သူတို့အတွက် ပေးဂိုးတွေ အရမ်းများပြားနေသလို ခံစစ်တိုက်စစ်အကူးအပြောင်းမှာလည်း အရမ်းအားနည်းနေပါတယ်။
တတိယဂိုးပေးလိုက်ရချိန်မှာ ပွဲကြည့်စင်တွေပေါ် လူသူကင်းမဲ့သွားတယ်ဆိုတာကို အန်ဖီးလ်ကွင်းက ပြောပြနေပါတယ်။ လီဗာပူးရဲ့ပြဿနာတွေက ပိုမိုနက်ရှိုင်းလာပြီး သူတို့ရဲ့စိတ်ဓါတ်ပိုင်းကို သေချာပေါက်ဆန်းစစ်ဖို့ အများကြီးလိုအပ်နေပါတယ်”လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဂျရတ်က လီဗာပူးအသင်းခံစစ်ပိုင်းမှာ အကာအကွယ်ကင်းမဲ့နေရုံသာမက တစ်ဦးချင်းအမှားတွေပါ ကျူးလွန်ခဲ့ကြတယ်လို့ သုံးသပ်ပါတယ်။ ပီအက်စ်ဗွီရဲ့တတိယမြောက်ဂိုးအတွက် အကြီးမားဆုံးအမှားတစ်ခုကို ကျူးလွန်ပြီးနောက် သုံးမိနစ်အကြာမှာပဲ ကိုနာတေးကို မဖြစ်မနေလူစားလဲလှယ်ခဲ့ရပါတယ်။
ဂျရတ်က “ ကိုနာတေးကိုလူစားလဲလှယ်မှုက သက်ရောက်မှုကြီးမားခဲ့ပါတယ်။ ဒီနောက်တန်းကစားသမားလေးဦးကို ကြည့်လိုက်မယ်ဆိုရင် လီဗာပူးနောက်တန်းကစားသမားလေးဦးပုံစံမျိုး မဟုတ်သလို ဘယ်တော့မှလည်း ဖြစ်လာမှာမဟုတ်ပါဘူး။
ကျွန်တော့်အမြင်အရ ကာကက်ဇ်ဆိုရင် တစ်ပွဲလုံး Out of Position ဖြစ်နေပါတယ်။ ဒါက အဲ့ဒီနေရာမှာရှိနေတဲ့ ပြိုင်ဘက်တိုက်စစ်မှူးအတွက် အခွင့်အရေးကောင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။
၁၉၅၃-၁၉၅၄ ဘောလုံးရာသီနောက်ပိုင်း အဆိုးဝါးဆုံးခြေစွမ်းကျဆင်းမှုနဲ့ ရင်ဆိုင်နေရတဲ့ ကလပ်အသင်းဟာ အကျပ်အတည်းအကြားကျရောက်နေသလားဆိုတဲ့ မေးခွန်းထုတ်မှုတစ်ခုလည်း လီဗာပူးဂန္တဝင်ဆီ ရောက်ရှိလာပါတယ်။ ဂျရတ်က “ အကျပ်အတည်း(Crisis)ဆိုတဲ့စကားလုံးဟာ အရမ်းပြင်းထန်ပါတယ်။ နောက်ပြီး ဒီကလပ်အသင်းအတွက် တာဝန်ထမ်းဆောင်နေတဲ့ နည်းပြနဲ့ ကစားသမားတွေအပေါ်မှာလည်း မလေးစားရာရောက်ပါတယ်။
ကျွန်တော်ကတော့ ဒီစကားလုံးကို မသုံးစွဲချင်ပါဘူး။ ဒါပေမဲ့ ကလပ်အသင်းကိုယ်တိုင်လည်း ရုပ်ပျက်ဆင်းပျက်နဲ့ အခြေအနေဆိုးရွားနေပါတယ်။ သူတို့ရဲ့ကစားပုံက ဆိုးရွားနေပြီး နည်းပြသာ အဖြေတစ်ခုမရှာဖွေနိုင်ရင် ဒီပုံစံအတိုင်းပဲ ဆက်ဖြစ်နေပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။