The network connection is lost.

Banner Image

မအောင်မြင်တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲခရီးစဉ်အပြီး အီတလီပရိသတ်တွေကို တောင်းပန်လိုက်တဲ့ ဂတ်တူဆို

နော်ဝေကို ၄-၁ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ဂျန်နာရိုဂတ်တူဆိုက သူ့ရဲ့အသင်းဟာ ထိတ်လန့်ကြောက်ရွံ့နေပြီး ကမ္ဘာ့ဖလား Play-off အဆင့်ပွဲစဉ်တွေမတိုင်ခင် ဒီလိုစိတ်နေစိတ်ထားမျိုးကို ပြောင်းလဲပစ်ရမယ်လို့ ဝန်ခံပြောဆိုကာ အီတလီအသင်းပရိသတ်တွေဆီ တောင်းပန်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ အီတလီလက်ရွေးစင်အသင်းက အုပ်စုထိပ်ဆုံးနေရာအတွက် အနိုင်ရရှိရုံဖြင့် မလုံလောက်သေးဘဲ ပြိုင်ဘက်အပေါ် အနည်းဆုံးကိုးဂိုးပြတ်နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ဖို့ လိုအပ်ခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ သူတို့အတွက် နည်းပြဟောင်းစပယ်လက်တီလက်အောက်၊ အော်စလိုဂိုးပြတ်ရှုံးနိမ့်မှု ကို လက်စားချေဖို့နဲ့ နည်းပြသစ်ဂတ်တူဆိုလက်အောက် နိုင်ပွဲဆက်မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အခုပွဲစဉ်က အရေးပါခဲ့ပါတယ်။ ဒီလိုအခြေအနေမှာပဲ ၄-၁ ဂိုးဆိုတဲ့ရလဒ်ပိုင်းက အီတာလျံဘက်တော်သားတွေအတွက် ရှက်ရွံ့နာကျင်ဖွယ် ကောင်းလာခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဂတ်တူဆိုရဲ့အသင်းက အက်စ်ပိုစီတိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်အတွင်း ဟာလန်း(၂ ဂိုး)၊ နူဆာ၊ စတန်းလာဆင်တို့ရဲ့သွင်းဂိုးတွေကို ခွင့်ပြုပေးရကာ မီလန်မြေမှာ အရှက်တကွဲရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

ပွဲစဉ်အပြီး RAI Sport နဲ့တွေ့ဆုံချိန် ဂတ်တူဆိုက “ ၄-၁ ဂိုးဆိုတဲ့ရလဒ်က အလွန်ကြီးမားတာကြောင့် ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။
ပထမပိုင်းပွဲချိန်မှာ ကျွန်တော်တို့က စစ်မှန်တဲ့အသင်းတစ်ခုအဖြစ် အရမ်းကောင်းအောင်ကစားနိုင်ခဲ့လို့ ဝမ်းနည်းစရာကောင်းပါတယ်။ ဒါပေမဲ့ ဒီနေ့အတွက် အကြီးမားဆုံးစိတ်ပျက်စရာကိစ္စတစ်ခုကတော့ ဒုတိယပိုင်းပွဲချိန်မှာ ပထမပိုင်းစံချိန်စံညွှန်းတွေအတိုင်း မကစားနိုင်တော့တာပဲ ဖြစ်ပါတယ်။ နော်ဝေကိုလည်း ဂုဏ်ပြုပါတယ်။ ဒါပေမဲ့ ပထမပိုင်းမှာ ကျွန်တော်တို့တွေ ကိုယ်ပုံစံအတိုင်း အရမ်းကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ကျွန်တော်တို့ အများကြီးရုန်းကန်ခဲ့ရပါတယ်”လို့ ပြောပါတယ်။ 

အီတလီအသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဂတ်တူဆိုက “ ပထမပိုင်းပွဲချိန်အတွင်း မြင်တွေ့ခဲ့ရတဲ့ ကျွန်တော်တို့ရဲ့မှန်မှန်ကန်ကန်ဖိအားပေးကစားနေတဲ့ပုံစံ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီနောက်မှာ ကျွန်တော်တို့က ဘောလုံးကို အလွယ်တကူပဲ ဆုံးရှုံးခံလိုက်ပြီး နော်ဝေအတွက် ဘောလုံးကစားနိုင်မယ့် နေရာလွတ်အချို့ကို ပေးလာခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ဘောလုံးပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ပြီး ဘောလုံးပေးပို့ပုံလည်း မှားယွင်းခဲ့ကာ အရာရာတိုင်း ဆုတ်ယုတ်သွားပါတယ်။ ဒါပါပဲ။

ကျွန်တော်တို့က မှန်ကန်တဲ့လမ်းကြောင်းမှာ အကျစ်လစ်ဆုံးရှိနေခဲ့တဲ့ ပထမပိုင်းကစားပုံအပေါ်မူတည်ပြီး ဆက်လက်တည်ဆောက်သွားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပြိုင်ဘက်က အခွင့်အရေးတစ်ခု ဖန်တီးလာခဲ့သလို ကျွန်တော်တို့အသင်းကိုယ်တိုင်လည်း ကြောက်ရွံ့လာခဲ့ပါတယ်။ ဒီလိုအရာတွေကို ပြုပြင်ပြောင်းလဲပြီး တိုးတက်လာအောင် လုပ်သွားရပါမယ်။ ကျွန်တော်တို့ ထိတ်လန့်တုန်လှုပ်နေခဲ့ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

အခုအချိန်မှာတော့ အီတလီလက်ရွေးစင်အသင်းက မတ် ၂၆ ရက်၊ ကမ္ဘာ့ဖလား Play-off ဆီမီးဖိုင်နယ်မတိုင်ခင် ရက်အနည်းငယ်အလိုအထိ ပြန်လည်စုစည်းနိုင်ဖို့ မရှိပါဘူး။ သူတို့တွေက မတ် ၃၁ ရက်မှာကျင်းပမယ် Play-off ဗိုလ်လုပွဲကစားနိုင်ဖို့နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။