ကိုင်စီဒိုကိုချဲလ်ဆီးသို့ခေါ်ယူနိုင်ဖို့ သူကိုယ်တိုင်ပါဝင်ကူညီခဲ့ကြောင်း ဖွင့်ဟလာတဲ့ အန်ဇို
ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ်က အသင်းဖော်ကိုင်စီဒိုကို ဘရိုက်တန်မှ စတန်းဖို့ဒ်ဘရစ်ချ်သို့ခေါ်ယူနိုင်ရေးအတွက် သူကိုယ်တိုင် ပါဝင်ကူညီပေးခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ အန်ဇိုဟာ ဒူးဒဏ်ရာကြောင့် နိုင်ငံတကာပွဲစဉ်တွေကျင်းပနေစဉ်ကာလအတွင်း အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ပူးပေါင်းခြင်းမရှိဘဲ ချဲလ်ဆီးမှာပဲကျန်ရှိခဲ့တာဖြစ်ပါတယ်။
ယခုနိုဝင်ဘာလနှောင်းပိုင်းမှာ ချဲလ်ဆီးဟာ ခက်ခဲတဲ့ပွဲစဉ်တွေအဖြစ် ဘာစီလိုနာ၊ အာဆင်နယ်တို့နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်လို့ အန်ဇိုအနေနဲ့ ကြံ့ခိုင်မှုရရှိဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ ပေါ်တူဂီကလပ် ဘင်ဖီကာမှ ချဲလ်ဆီးသို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၆ သန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ၆ လအကြာမှာတော့ ကိုင်စီဒိုက ဘရိုက်တန်မှ နောက်ထပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ စတန်းဖို့ဒ်ဘရစ်ချ်သို့ရောက်ရှိလာခဲ့ပါတယ်။ ယခုအခါမှာတော့ အန်ဇိုနဲ့ ကိုင်စီဒိုတို့ရဲ့အတွဲအဖက်ဟာ ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအမြင့်ဆုံးနဲ့ အကောင်းဆုံးကွင်းလယ်အတွဲအဖက်အဖြစ် သတ်မှတ်ခံထားရပြီး အန်ဇိုက သူ့အနေနဲ့ ကိုင်စီဒိုရဲ့အပြောင်းအရွှေ့မှာ ပါဝင်ပတ်သက်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အန်ဇိုက "ကျွန်တော်တို့နှစ်ယောက် ဘယ်လိုစပြီးချိတ်ဆက်မိခဲ့သလဲဆိုရင် ချဲလ်ဆီးကသူ့ကိုလိုချင်တဲ့အချိန်မှာ ကျွန်တော်ကသူ့ကိုဖုန်းဆက်ခဲ့ရတာပါ။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော့်လို တောင်အမေရိကသားဖြစ်နေတဲ့အပြင် ချဲလ်ဆီးကလည်း ကျွန်တော့်ကိုအကူအညီတောင်းခဲ့တာကြောင့်ပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုင်စီဒိုလိုအသင်းကိုအများကြီးအကူအညီပေးနိုင်မယ့် ထူးချွန်တဲ့ကစားသမားနဲ့ တွဲဖက်ကစားချင်ခဲ့ပါတယ်"
"ကျွန်တော်တို့က အသင်းအတွက်ဘာကကောင်းမယ်ဆိုတာ သိထားကြပါတယ်။ ပြီးတော့ ကိုင်စီဒိုက အရမ်းနှိမ့်ချတတ်တဲ့သူပါ။ အမြဲတမ်းလည်း သင်ယူဖို့ကြိုးစားနေတတ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်ကြားကချိတ်ဆက်မှုက အရမ်းကောင်းခဲ့ပြီး နှစ်တွေကြာလာတာနဲ့အမျှ ပိုကောင်းလာခဲ့ပါတယ်။ ကွင်းပြင်ပမှာလည်း ကျွန်တော်နဲ့သူက အရမ်းခင်တဲ့သူငယ်ချင်းတွေပါ" လို့ပြောကြားခဲ့ပါတယ်။