အက်စ်တီဗာအိုက အနာဂတ်မှာ ဘောလွန်းဒီအော်ဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ တူနီးရှားနည်းပြပြော
တူနီးရှားနည်းပြ ဆာမီထရာဘယ်လ်ဆီက ချဲလ်ဆီးတောင်ပံကြယ်ပွင့် ဝီလီယမ်အက်စ်တီဗာအိုဟာ လာမယ့်နှစ်တွေမှာပဲ ဘောလွန်းဒီအော်ဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့နံနက်က ပြင်သစ်နိုင်ငံ လိုင်လီမြို့မှာ ဘရာဇီးနဲ့ တူနီးရှားတို့ ခြေစမ်းပွဲစဉ်ကစားခဲ့ကြပြီး ၁-၁ နဲ့သရေကျခဲ့ကာ ဘရာဇီးအတွက်ချေပဂိုးကို ပထမပိုင်းပြီးကာနီးမှာ အက်စ်တီဗာအိုက ပင်နယ်တီကနေတစ်ဆင့်သွင်းယူပေးခဲ့ပါတယ်။
အသက်-၁၈ နှစ်အရွယ် ချဲလ်ဆီးကြယ်ပွင့်နဲ့ပတ်သက်ပြီး ပွဲအပြီးမှာ ထရာဘယ်လ်ဆီက "အက်စ်တီဗာအိုက ဘောလုံးနဲ့ပတ်သက်ပြီး ငယ်ရွယ်တဲ့ဉာဏ်ကြီးရှင်ကစားသမားပါ။ အခုချိန်မှာ သူကောင်းကောင်းကစားနေတယ်လို့ထင်ပြီး လာမယ့်နှစ်တွေမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းထဲမှာ ပါဝင်လာမှာသေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။ အက်စ်တီဗာအိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ ပါမီးရက်စ်မှ ချဲလ်ဆီးသို့ ပြောင်းရွှေ့ကြေးပေါင် ၂၉ သန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် လျင်လျင်မြန်မြန်ပဲအသားကျခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်ဟာ ချဲလ်ဆီးနည်ပြ အန်ဇိုမာရက်စ်ကာရဲ့ ပွဲထွက်လူစာရင်းမှာလည်း နေရာတစ်ခုကို ဆုပ်ကိုင်ထားနိုင်ပါတယ်။
ဆက်လက်ပြီး ထရာဘယ်လ်ဆီက "တကယ်လို့ သူ့အနေနဲ့ ကလပ်အသင်းနဲ့ပဲဖြစ်ဖြစ်၊ လက်ရွေးစင်အသင်းနဲ့ပဲဖြစ်ဖြစ် ဆုဖလားအောင်မြင်မှုတွေရယူနိုင်မယ်ဆိုရင် လာမယ့်နှစ်တွေမှာ ဘောလွန်းဒီအော်ဆိုကို စိန်ခေါ်လာနိုင်ပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။ အက်စ်တီဗာအိုဟာ ဘရာဇီးအတွက်ကစားပေးထားတဲ့ ၁၀ ပွဲမှာ သွင်းဂိုး ၄ ဂိုးအထိရရှိထားသလို၊ နည်းပြကြီး ကာလိုအန်ဆယ်လော့တီရဲ့ချီးကျူးမှုကိုလည်း ရရှိထားပါတယ်။ အန်ဆယ်လော့တီက "ဒီလိုပါရမီရှိတဲ့ လူငယ်ကစားသမားမျိုးကိုမြင်တွေ့ရတာ အံ့ဩစရာပါ။ သူကအရမ်းတိကျပြတ်သားပြီး တော်တဲ့ကောင်လေးပါ။ ဘရာဇီးရဲ့အနာဂတ်က သူ့လက်ထဲမှာဆိုရင် လုံခြုံမှုရှိနေပြီလို့ပြောရပါမယ်" လို့ချီးကျူးထားပါတယ်။