ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းယူနိုင်မယ်လို့ မျှော်လင့်ထားခဲ့ခြင်းမရှိကြောင်း ဖွင့်ဟလာတဲ့ ဗီတင်ဟာ
ကြာသပတေးနေ့နံနက်က တော့တင်ဟမ်ကို ၅-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြသခဲ့တဲ့ ကွင်းလယ်လူဗီတင်ဟာက သူ့အနေနဲ့ ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းယူနိုင်မယ်လို့ မျှော်လင့်ထားခဲ့ခြင်းမရှိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဗီတင်ဟာဟာ ပီအက်စ်ဂျီအတွက်ဂိုးတွေကို ပွဲကစားချိန် ၄၅ မိနစ်နဲ့ ၅၃ မိနစ်တို့မှာ အဝေးကန်ချက်တွေနဲ့သွင်းယူပေးခဲ့ပြီး ၇၆ မိနစ်မှာတော့ ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ ပြိုင်ဘက် တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်ကိုယ်တိုင်က ဗီတင်ဟာကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ဘောလွန်းဒီအော်ဆုကိုပါဆွတ်ခူးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယခုရာသီအစောပိုင်းမှာ ပီအက်စ်ဂျီတောင်ပံကစားသမား အူစမန်ဒမ်ဘီလီဟာ ၂၀၂၅ ခုနှစ်အတွက် ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးနိုင်ခဲ့သလို၊ လာမယ့်ရာသီမှာလည်း ဗီတင်ဟာက အဆိုပါဆုကိုဆွတ်ခူးနိုင်တယ်လို့ ဖရန့်ခ်ကချီးကျူးခဲ့ပါတယ်။ ဒိန်းမတ်သားနည်းပြက "ဗီတင်ဟာက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူပါ။ လာမယ့်နှစ်ဘောလွန်းဒီအော်ဆုရှင်က သူဖြစ်လာနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဟက်ထရစ်သွင်းယူပြီး ပီအက်စ်ဂျီရဲ့နိုင်ပွဲအတွက် အဓိကကျခဲ့တဲ့ ဗီတင်ဟာကလည်း "ဒီပွဲက တကယ်ကိုခက်ခဲတဲ့ပွဲစဉ်ပါ။ တော့တင်ဟမ်က အရမ်းကောင်းတဲ့အသင်းတစ်သင်းပါ။ သူတို့ကြောင့် ကျွန်တော်တို့ အတော်လေးခက်ခက်ခဲခဲကစားခဲ့ပြီး မမျှော်လင့်ထားတဲ့အခြေအနေတွေကနေ ၂ ဂိုးအထိခွင့်ပြုခဲ့ရပါတယ်"
"ဒီပွဲမှာ နောက်ကနေ ၂ ကြိမ်အထိလိုက်ကစားခဲ့ရပြီး ကျွန်တော်တို့ရဲ့အရည်အသွေးကို ပြသနိုင်ခဲ့ပါတယ်။ နိုင်ပွဲအတွက် ပြန်လာနိုင်ခဲ့လို့လည်း အရမ်းဝမ်းသာပါတယ်။ တော့တင်ဟမ်က ကစားရခက်တဲ့အသင်းဖြစ်ပေမယ့် လက်မလျှော့ဘဲအဆုံးအထိတိုက်ပွဲဝင်ခဲ့တဲ့ အသင်းဖော်တွေအတွက် ဂုဏ်ယူမိပါတယ်"
"ကျွန်တော်ကိုယ်တိုင်လည်း ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းနိုင်မယ်လို့ တစ်ခါမှမတွေးထားခဲ့ဖူးပါဘူး။ ဒါက အိပ်မက်တစ်ခုလိုပါပဲ" လို့ပြောကြားခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့်ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာသိုတက်လှမ်းနိုင်ခဲ့ကာ နောက်တစ်ဆင့်သို တိုက်ရိုက်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။