ကာရီးရက်စ်ကိုရောင်းချခဲ့လို့ ယူနိုက်တက်ကို ဆာဒိုစကီးဝေဖန်
မန်ချက်စတာယူနိုက်တက်ကင်းထောက်ဟောင်း ဆာဒိုစကီးက အသင်းရဲ့လူငယ်ကစားသမား အယ်လ်ဗာရိုကာရီးရက်စ်ကိုရောင်းချခဲ့တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ကာရီးရက်စ်ဟာ ၂၀၂၄ ခုနှစ်မှာ ယူနိုက်တက်မှထွက်ခွာပြီး ဘင်ဖီကာသို့ပြောင်းရွှေ့ခဲ့ကာ ယခုအခါမှာတော့ ရီးရဲလ်မက်ဒရစ်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ လူငယ်ကြယ်ပွင့်ဟာ မကြာသေးမီက ဘာစီလိုနာနဲ့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး အသင်းအတွက် နိုင်ပွဲဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။
ကာရီးရက်စ်ဟာ ရီးရဲလ်မက်ဒရစ်မှာ တောက်ပတဲ့အနာဂတ်တွေပိုင်ဆိုင်နေပြီဖြစ်ပေမယ့် တစ်ချိန်က ယူနိုက်တက်မှာတော့ ဆာဂျီယိုရီဂူလွန်၊ ဆိုဖီယန်အမ်မရာဘတ်တို့နဲ့ နေရာအတွက်တိုက်ပွဲဝင်ခဲ့ရပြီး နောက်ပိုင်းမှာတော့ အိုးလ်ထရက်ဖို့ဒ်ကို နှုတ်ဆက်ခဲ့ရပါတယ်။
ယခုအခါမှာ ဆာဒိုစကီးက "ကာရီးရက်စ်က အသက်-၁၆ နှစ်လောက်မှာ ယူနိုက်တက်ကို စရောက်လာပါတယ်။ ၂၀၂၀ လောက်ကပေါ့။ အရမ်းအလုပ်ကြိုးစားပြီး ရည်မှန်းချက်ကြီးမားတဲ့ကောင်းလေးတစ်ယောက်ပါ။ ဒီနိုင်ငံရဲ့ ဘာသာစကားကိုလည်း လျင်လျင်မြန်မြန်ပဲ သင်ယူနိုင်ခဲ့ပါတယ်။ ကျွန်တော်ဒါတွေဘာကြောင့်သိတာလဲဆိုရင် သူနဲ့ ခဏခဏဆုံခဲ့ရလို့ပါ"
"ယူနိုက်တက်ကိုရောက်လာတဲ့အစပိုင်းမှာ သူရဲ့အခြေအနေကတော်တော်ကောင်းပါတယ်။ နောက်ပိုင်းမှာ ပရက်စတန်ကို အငှားနဲ့သွားကစားတော့လည်း မှတ်ချက်ကောင်းတွေရခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကသူ့ကို ဈေးပေါပေါနဲ့ ဘင်ဖီကာဆီရောင်းလိုက်ပါတယ်" "ကာရီးရက်စ်က တကယ့်ထိပ်တန်းကစားသမားတစ်ယောက်ပါ။ အကောင်းဆုံးနောက်ခံလူဖြစ်လာဖို့အတွက်လည်း အခွင့်အရေးတွေရှိတဲ့သူပါ။ ပြီးခဲ့တဲ့ဗလင်စီယာနဲ့ပွဲမှာ သူ ရီးရဲလ်အတွက် အရမ်းလှတဲ့သွင်းဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ သူ့ကိုထွက်ခွာခွင့်ပြု လိုက်တာ ယူနိုက်တက်အတွက် အလွန်ကြီးမားတဲ့ အမှားတစ်ခုပါပဲ။ ယူနိုက်တက်က လူငယ်ကစားသမားတွေအပေါ် ရင်းနှီးမြှုပ်နှံဖို့ သတ္တိမရှိသလိုဖြစ်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ဟာ ကာရီးရက်စ်ကို ပြန်လည်ဝယ်ယူခွင့်စာချုပ်နဲ့ အသင်းဆီပြန်ခေါ်ဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်သို့သာရောင်းချဖို့ဆုံးဖြတ်ခဲ့တာကြောင့် ပရိသတ်ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါသေးတယ်။