The network connection is lost.

Banner Image

အဲဗာတန်ကို အရေးနိမ့်ခဲ့ပေမယ့် အာမိုရင်ဘက်မှ ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာတဲ့ ဘာဘာတော့ဗ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာဘာဘာတော့ဗ်က ပြီးခဲ့တဲ့အင်္ဂါနေ့က အသင်းဟာ တစ်ယောက်လျော့အဲဗာတန်ကို အံ့အားသင့်ဖွယ်အရေးနိမ့်ခဲ့ပေမယ့် နည်းပြရူဘင်အာမိုရင်မှာအပြစ်မရှိကြောင်း ကာကွယ်ပြောဆိုလာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၅ ပွဲဆက်တိုက်ရှုံးနိမ့်မှုမရှိခဲ့တဲ့ ယူနိုက်တက်အနေနဲ့ လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိလာခဲ့ပြီလို့ ယူဆခဲ့ကြပေမယ့် အိမ်ကွင်းမှာ အဲဗာတန်ကို ကစားသမားတစ်ယောက်အသာနဲ့ကစားပြီး အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ပွဲကစားချိန် ၁၄ မိနစ်အတွင်း အဲဗာတန်ကစားသမား ဂူယီအနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ယူနိုက်တက်အနေနဲ့ ပွဲချိန်တစ်လျှောက်လုံးနီးပါး ကစားသမားတစ်ယောက် အသာနဲ့ကစားခွင့်ရခဲ့ပါတယ်။

သို့သော်လည်း အဲဗာတန်ကသာ အနိုင်ဂိုးကိုသွင်းယူသွားခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ အတော်လေးအရှက်ရစရာဖြစ်ခဲ့ပြီး ပရိသတ်ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ အဆိုပါရှုံးပွဲကြောင့်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာအထိကျဆင်းသွားခဲ့ပေမယ့် အဆင့် ၄ နေရာနဲ့ ရမှတ် ၃ မှတ်သာကွာဟနေတာဖြစ်ပါတယ်။ ပွဲအပြီးမှာ နည်းပြအာမိုရင်အနေနဲ့လည်း ယခုရှုံးပွဲအတွက်သူ့မှာ တာဝန်အပြည့်အဝရှိကြောင်း အသင်းရဲ့ စိတ်အားထက်သန်မှုမရှိတဲ့ ကစားပုံက သူ့အပြစ်ကြောင့်သာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

သို့သော်လည်း ယခုအခါမှာ ဘာဘာတော့ဗ်က အာမိုရင်ကို ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး ယူနိုက်တက်အနေနဲ့ အဲဗာတန်ကိုရှုံးနိမ့်ခဲ့ခြင်းမှာ အနိုင်ရလိုစိတ်နည်းပါးနေခြင်းကြောင့်ဖြစ်တယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။ ဘူလ်ဂေးရီးယားလက်ရွေးစင်ဟောင်းက "တစ်ချို့အချိန်တွေမှာ နည်းပြတွေကို သူတို့ရဲ့ကစားကွက်တွေနဲ့ပတ်သက်ပြီး ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကွင်းထဲက ကစားသမားတွေက အဲဒီကစားကွက်မှာ အံဝင်အောင်ကစားနိုင်သလား ကြည့်ရပါဦးမယ်။ ယူနိုက်တက်မှာ ကတ်စ်မဲရိုးနဲ့ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်တို့လို ပုံရိပ်မြင့်တဲ့ကစားသမားတွေရှိပါတယ်။ ဒါပေမယ့် တစ်ချို့အချိန်တွေမှာ သူတို့ရဲ့စွမ်းဆောင်ရည်တွေက မလုံလောက်ပါဘူး"

"ယူနိုက်တက် ပရီးမီးယားလိဂ်ဖလားမရတာအရမ်းကြာနေပါပြီ။ ဒါကြောင့် သူတို့မှာ အနိုင်ရလိုစိတ်ပျောက်ဆုံးနေပါတယ်။ အမြဲတမ်း အနိုင်ရတယ်ဆိုတဲ့ခံစားချက်ကို ပြန်ရဖို့ခက်ပါတယ်။ ဒါက ပြဿနာတွေထဲကတစ်ခုပါ။ ကိုယ့်ဘေးနားမှာ အရာရာကမတည်ငြိမ်တဲ့အချိန် စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့၊ ကစားသမား ၁၀ ယောက်တည်းနဲ့ကစားနေတဲ့ ပြိုင်ဘက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ အနိုင်ယူဖို့ လောနေစရာမလိုပါဘူး။ အဲဗာတန်နဲ့ပွဲမှာ ဂိုးသွင်းခွင့်တွေရှိခဲ့ပေမယ့် မှန်ကန်တဲ့ ကစားပုံကိုရှာမတွေ့ခဲ့ပါဘူး။ ပြီးတော့ ပစ်ခ်ဖို့ဒ်ကလည်း အရမ်းကောင်းနေခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရလဒ်ကို ပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။