နော်ဝေကိုဂိုးပြတ်ရှုံးကာ ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် အီတလီပရိသတ်တွေကို ဂတ်တူဆို တောင်းပန်စကားဆို
နော်ဝေကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အီတလီနည်းပြ ဂန်နာရိုဂတ်တူဆိုက ပရိသတ်တွေကို တောင်းပန်ခဲ့ပြီး အသင်းဟာ ကြောက်ရွံ့နေတယ်လို့ ဝန်ခံပါတယ်။ အီတလီအသင်းဟာ ဂိုးကွာခြားချက်ကြီးမားနေတာကြောင့် နော်ဝေကို ၉-၀ ဂိုးနဲ့အနိုင်မှသာ အုပ်စုပထမနေရာရယူနိုင်မှာဖြစ်ပေမဲ့ ဂိုးပြတ်ရှုံးခဲ့ကာ အရှက်ကွဲခဲ့ရပါတယ်။
ဂတ်တူဆိုက"ကျွန်တော်တို့ ပထမဆုံး ပရိသတ်တွေကို တောင်းပန်ရပါမယ်။ ဘာလို့လဲဆိုတော့ ၄-၁ ဆိုတာ ပြင်းထန်တဲ့ရလဒ်တစ်ခုပါ။ ပထမပိုင်းက အရမ်းကောင်းခဲ့တာကြောင့် စိတ်မကောင်းစရာပါပဲ။ ကျွန်တော်တို့ တကယ့်အသင်းတစ်သင်းဖြစ်ခဲ့တယ်။ ဒါပေမဲ့ အကြီးမားဆုံးစိတ်ပျက်စရာကတော့ ဒုတိယပိုင်းမှာ အဲဒီစံနှုန်းအတိုင်း မဖြစ်ခဲ့တာပါ။ နော်ဝေအတွက် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပထမပိုင်းကနေ ပြန်စရပါမယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ လုပ်သင့်တာကို လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒုတိယပိုင်းပြီးခါနီးမှာ ကျွန်တော်တို့ အများကြီး ရုန်းကန်ခဲ့ရတယ်။
ကျွန်တော်တို့ ပုံစံပျက်သွားခဲ့တယ်။ ပထမပိုင်းမှာ မှန်ကန်တဲ့ပုံစံနဲ့ ဖိအားပေးနေခဲ့ပေမဲ့ နောက်ပိုင်းမှာ ဘောလုံးကို ပေါ့ပေါ့တန်တန်နဲ့ ဆုံးရှုံးခဲ့ရတယ်။ နော်ဝေကို နေရာလွတ်တွေပေးလိုက်တယ်။ ကျွန်တော်တို့ ဘောလုံးဆုံးရှုံးခဲ့တယ်၊ ပေးပို့မှုတွေလွဲချော်ခဲ့တယ်၊ နောက်ပြန်ဆုတ်ခဲ့ရတယ်။ ဒါတွေဖြစ်ပျက်ခဲ့တာပါ" လို့ ပြောခဲ့ပါတယ်။
အခုဆိုရင် အီတလီအသင်းဟာ မတ်လ ၂၆ ရက်နေ့ ကမ္ဘာ့ဖလား play-off ဆီမီးဖိုင်နယ်မတိုင်ခင်အထိ ပြင်ဆင်ချိန်ရနေပါသေးတယ်။ ဆက်လက်ပြီး ဂတ်တူဆိုက"ကျွန်တော်တို့ ပထမပိုင်းကစားပုံမျိုးကနေ အားယူတည်ဆောက်ရပါမယ်။ ကျွန်တော်တို့ မာမာထန်ထန်ကစားနိုင်ခဲ့တယ်။ နေရာမှန်မှာရှိခဲ့တယ်။ ဒါပေမဲ့ ပြိုင်ဘက်တွေ အခွင့်အရေးဖန်တီးလိုက်တာနဲ့ ကျွန်တော်တို့ ကြောက်လန့်လာကြတယ်။ ဒါက ကျွန်တော်တို့ ပြောင်းလဲရမယ့်၊ တိုးတက်ရမယ့်နေရာပါပဲ။ ကျွန်တော်တို့ ကြောက်လန့်သွားခဲ့တယ်" လို့ ပြောကြားခဲ့ပါတယ်။