ဖာဂူဆန်ရဲ့ချီးကျူးမှု ကိုရရှိခဲ့လို့ အလွန်ဝမ်းမြောက်ဂုဏ်ယူခဲ့ကြောင်း ဖွင့်ဟလာတဲ့ လမ်မန်းစ်
မန်ချက်စတာယူနိုက်တက်ဂိုးသမားသစ် ဆန်နီလမ်မန်းစ်ဟာ အသင်းမှာပုံမှန်ပွဲထွက်ခွင့် စတင်ရရှိချိန်ကတည်းက တသမတ်တည်းဖြစ်တဲ့စွမ်းဆောင်ရည်မျိုးကို ပြသထားနိုင်ခဲ့တာကြောင့် အသင်းရဲ့နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ရဲ့ချီးကျူးပြောဆိုမှုကို ရရှိခဲ့ပြီး ယခုအခါမှာတော့ ဖာဂူဆန်လို ဂန္ထဝင်နည်းပြရဲ့ချီးကျူးမှုကြောင့် မယုံနိုင်ဖြစ်ခဲ့ရကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
လမ်မန်းစ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့ရက်မှာ ဘယ်လ်ဂျီယံကလပ် ရွိုင်ရယ်အန့်တ်ဝပ်မှ အိုးလ်ထရက်ဖို့ဒ်သို့စတင်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ရာသီအစမှာ ပွဲထွက်ခွင့်မရခဲ့ပေမယ့် အောက်တိုဘာလအစောပိုင်း ဆန်းဒါးလန်းကိုအနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာစတင်ပြီး ယူနိုက်တက်အတွက် တောက်လျှောက် ပါဝင်ခွင့်ရထားတာဖြစ်ပါတယ်။
လမ်မန်းစ်ဟာ အသင်းဖော်တွေကို အမိန့်ပေးနိုင်တဲ့ဟန်ပန်၊ ယုံကြည်စိတ်ချရရတဲ့ ဘောလုံးပေးပို့မှုနဲ့ အထင်ကြီးလောက်စရာ ဂိုးပေါက်ကာကွယ်မှုတွေကြောင့် ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော်ဂိုးသမားတစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံသားဟာ ယူနိုက်တက်မှာ ဖိအားဒဏ်ကို မခံရသလို သက်တောင့်သက်သာကစားနေတာကြောင့် သူ့ရဲ့ တည်ငြိမ်တဲ့ပုံစံနဲ့ပတ်သက်ပြီး ချီးကျူးခံထားရသူဖြစ်ပါတယ်။
လမ်မန်းစ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာစတင်ပွဲထွက်ခွင့်ရကတည်းက ချီးကျူးမှုတွေအများအပြားရရှိထားခဲ့ပေမယ့် ဖာဂူဆန်ရဲ့ချီးကျူးမှုကြောင့် မယုံနိုင်ဖြစ်ခဲ့ကြောင်း ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ ဖာဂူဆန်က "လမ်မန်းစ်မှာ ကောင်းမွန်တဲ့အလားအလာတွေရှိပါတယ်။ ၃-၄ ပွဲပဲကစားရသေးပေမယ့် တကယ်ကို တည်ငြိမ်နေပြီး ပုံစံကောင်းပြသထားနိုင်ပါတယ်" လို့ချီးကျူးခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ လမ်မန်းစ်က "ဆာအဲလက်စ် ကျွန်တော့်ကိုချီးကျူးတဲ့အကြောင်း ဆိုရှယ်မီဒီယာမှာဖတ်လိုက်ရပြီး အစပိုင်းမှာတော့ မယုံနိုင်ခဲ့ပါဘူး။ သူက ဒီကလပ်မှာ အရမ်းနာမည်ကျော်တဲ့ပုဂ္ဂိုလ်ပါ။ ဒါကြောင့် အခုလိုချီးကျူးခံရမှုအတွက် အံ့အားသင့်ခဲ့ပေမယ့် ရိုးရိုးသားသားပြောရမယ်ဆိုရင် အရမ်းဝမ်းသာမိပါတယ်"
"ကျွန်တော်သူနဲ့တစ်ခါမှ မဆုံဖူးသေးပါဘူး။ ဒါကြောင့် ဆုံတွေ့ရမယ်လို့လည်း မျှော်လင့်ပါတယ်။ သူ့ဆီကနေ ဒီလိုချီးကျူးခံရတာ အရမ်းကောင်းပါတယ်။ ဒီကလပ်ရဲ့ အတွေ့အကြုံအရင့်ဆုံးသူဆီကနေ ဒီလိုကြားရတာ အရမ်းဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဘောလုံးလောကမှ သူ့အတွက် စံထားရတဲ့ ကစားသမားတွေကို မေးမြန်းခဲ့ရာ လမ်မန်းစ်က "ကော်တိုရစ်ပါ။ သူကလည်း ဘယ်လ်ဂျီယံကပါပဲ။ ကျွန်တော်က သူ့ပွဲတွေကိုကြည့်ရင်း ကြီးပြင်းခဲ့ရသူပါ။ အထူးသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွေနဲ့ ဥရောပချန်ပီယံရှစ်တွေမှာပေါ့။ နောက်တစ်ယောက်ကတော့ မန်နူရယ်နူအာပါ။ သူကလည်း ကျွန်တော့်အတွက်စံထားရတဲ့ကစားသမားပါပဲ။ ဘာကြောင့်လဲဆိုတော့ သူကဘောလုံးကို ခြေထောက်နဲ့ကစားနိုင်တာရော၊ ခံစစ်ကိုကူပေးတာရော အားလုံးစွယ်စုံရတဲ့ ဂိုးသမားဖြစ်နေလို့ပါ" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့အဲဗာတန်နဲ့ပွဲစဉ်မှာ ရှုံးနိမ့်မှု ကိုပြန်လည်ချေဖျက်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။