The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ပွဲစဉ်မှာ အံ့မခန်းခြေစွမ်းပြသခဲ့တဲ့ အက်စ်တီဗာအိုကို ရိုင်ယန်ဂစ်၊ ဆာကာတို့နဲ့ နှိုင်းယှဉ်ချီးကျူးလိုက်တဲ့ အွန်နရီ

အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်း သီယာရီအွန်နရီက ဘာစီလိုနာကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအတွက် အထူးခြေစွမ်းပြကစားပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူငယ်တောင်ပံကစားသမားလေး ဝီလီယံအက်စ်တီဗာအိုကို မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ရိုင်ယန်ဂစ်၊ အာဆင်နယ်ကြယ်ပွင့် ဘူကာယိုဆာကာတို့နဲ့ နှိုင်းယှဉ်ချီးကျူးလာခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ အက်စ်တီဗာအိုဟာ တစ်ကိုယ်တော်အစွမ်းနဲ့ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး နိုင်ပွဲရရှိခဲ့တဲ့ ချဲလ်ဆီးအနေနဲ့လည်း ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ဖို့ အလားအလာကောင်းတွေပိုင်ဆိုင်ခဲ့ပါတယ်။ ယခုအခါမှာ အွန်နရီက "အက်စ်တီဗာအိုလိုကစားသမားမျိုးနဲ့ ရင်ဆိုင်ကစားရတာကို ဘယ်သူမှသဘောကျမှာမဟုတ်ပါဘူး။ သူ့ကို ရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် သူက အချိန်တိုင်းမှာ တိုက်စစ်ဆင်နေမယ့်သူပါ"

"သူ့ရဲ့ကစားဟန်ကိုကြည့်ပြီး ကျွန်တော်ရိုင်ယန်ဂစ်ကို သတိရမိပါတယ်။ အခုလိုနှိုင်းယှဉ်ချီးကျူးဖို့ စောလွန်းသေးတယ်ဆိုတာသိပေမယ့် ဂစ်ကလည်း သူ့လိုပဲ ပြိုင်ဘက်နောက်တန်းတွေဆီကို တရစပ်တိုက်စစ်ဆင်တတ်တဲ့ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့ကစားပုံက ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ တိုက်စစ်ဆင်မှုတွေကိုတော့ ရပ်တန့်မှာမဟုတ်ပါဘူး။ တောင်ပံကစားသမားတစ်ယောက်က အမြဲတမ်း ဒီလိုဖြစ်နေရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဘာစီလိုနာနဲ့ပွဲမှာသွင်းဂိုး ၁ ဂိုးရယူနိုင်ခဲ့တဲ့ အက်စ်တီဗာအိုဟာ ချန်ပီယံလိဂ် ပွဲဦးထွက် ၃ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းထဲမှာ ပွဲဦးထွက် ၃ ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ် အာလင်းဟာလန်းနဲ့ ခီလီယန်အမ်ဘာပေတို့နောက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ 

ဆက်လက်ပြီး အွန်နရီက "ဒီကလေးရဲ့ ပထမဆုံးအရည်အချင်းက ဘောလုံးထိန်းသိမ်းပြီး ကစားတတ်တာပါပဲ။ သူက ပြိုင်ဘက်ခံစစ်ကို တောက်လျှောက်ဖိအားပေးနေပြီး သက်လုံကိုကောင်းကောင်းအသုံးချနိုင်ပါတယ်။ ပြိုင်ဘက်နောက်တန်းကို ၇-၈ ကြိမ်ကနေ ၉-၁၀ လောက်အထိ တစ်ကြိမ်မရရင်‌ နောက်ထပ်တစ်ကြိမ် မနားတမ်းထိုးဖောက်ပြီး ကျော်ဖြတ်သွားမယ့်ကစားသမားမျိုးပါ"

"သူ့ကို ကစားခွင့်ပေးဖို့နဲ့ လုပ်ပိုင်ခွင့်ပေးဖို့လိုပါတယ်။ ကျွန်တော်တို့ကလည်း ဒီလိုကစားသမားမျိုးကိုပဲ ကြည့်ချင်တာပါ။ မိုက်ကယ်အိုလီစီနဲ့ ဘူကာယိုဆာကာတို့ကလည်း ဒီလိုကစားသမားမျိုးပါပဲ။ သူတို့ရဲ့ကစားဟန်က ဇာတ်ညွှန်းရေးဆွဲထားသလို တသမတ်တည်းတော့မရှိပေမယ့် ဘာတွေဖြစ်လာမလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။

လက်ကျန်ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ ချဲလ်ဆီးဟာ အတ္တလန္တာ၊ နာပိုလီတို့ကို အီတလီမြေမှာသွားရောက်ရင်ဆိုင်ပြီး အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာတော့ ပါဖို့စ်ကို အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချ်မှာဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။