နော်ဝေးကို ၄-၁ နဲ့ရှုံးနိမ့်ခဲ့ခြင်းက လက်ခံနိုင်စရာမဟုတ်ကြောင်း ဝန်ခံပြောကြားလာတဲ့ ဒွန်နာရမ်မာ
အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာက တနင်္လာနေ့နံနက်က နော်ဝေးကို ၁-၄ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ရဲ့ရလဒ်ဟာ သူ့အတွက်တော့ လုံးဝလက်ခံနိုင်စရာမဟုတ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ အီတလီအနေနဲ့ ယခုပွဲစဉ်မှာ ကြီးမားတဲ့ဂိုးကွာခြားချက်ကို ချေဖျက်နိုင်ဖို့အတွက် နော်ဝေးကို ၉ ဂိုးပြတ်အနိုင်ရဖို့လိုအပ်ခဲ့သော်လည်း ပထမပိုင်းမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ၄ ဂိုးအထိ ပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
အီတလီအနေနဲ့ အုပ်စုရဲ့ပထမနေရာကို အရယူဖို့မဖြစ်နိုင်ကြောင်းသေချာခဲ့ပေမယ့် ပထမပိုင်းမှာတော့ နော်ဝေးကို အက်စ်ပိုဆီတိုရဲ့ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နော်ဝေးဟာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေအတွက် ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး နူဆာ၊ ဟာလန်းနဲ့ လာဆင်တို့က သွင်းဂိုးတွေပြန်လည်သွင်းယူပေးခဲ့ကာ အီတလီကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဒွန်နာရမ်မာက "ကျွန်တော်တို့ဒုတိယပိုင်းမှာ ပုံမှန်အတိုင်းဆက်မကစားဘဲ ရပ်တန့်ခဲ့ပါတယ်။ တတိယဂိုးနဲ့ စတုတ္ထဂိုးတွေက လုံးဝမပေးသင့်တဲ့ဂိုးတွေပါ။ ပထမပိုင်းမှာကောင်းခဲ့သလောက် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့အရမ်းညံ့ဖျင်းခဲ့ကြပါတယ်။ ဒါကြောင့် အသင်းအနေနဲ့ တည်ငြိမ်တဲ့ကစားပုံကို ၄၅ မိနစ်လောက်ပဲထိန်းထားလို့မရပါဘူး။ ၉၅ မိနစ်လာက်အထိ ထိန်းထားနိုင်မှရပါမယ်"
"ဒီပွဲရဲ့ရှုံးနိမ့်မှုက နာကျင်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ခေါင်းမော့ပြီး ရှေ့ဆက်သွားရပါမယ်။ ယုံကြည်မှုပြန်လည်တည်ဆောက်ပြီး နောက်ပွဲတွေအတွက် တိုးတက်မှု ကိုရှာဖွေသွားရပါမယ်။ ဒီလိုရှုံးပွဲတွေက အသင်းအတွက်လက်ခံနိုင်စရာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အခုလိုဂိုးပြတ်ရှုံးပွဲကြောင့် ပရိသတ်တွေအတွက် တစ်ခုခုပြောချင်တာရှိသလားလို့ မေးမြန်းခဲ့ရာ မန်စီးတီးဂိုးသမားက "ကျွန်တော်တို့လည်း သူတို့လိုပဲ စိတ်မကောင်းဖြစ်ရပြီးစိတ်ပျက်ရပါတယ်။ ပရိသတ်တွေကို တောင်းပန်ကြောင်းပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ပွဲကို စိတ်အားထက်သန်မှုအပြည့်နဲ့လာအားပေးတဲ့သူတွေအများကြီးရှိနေလို့ပါ။ ကျွန်တော်အခုပြောနိုင်တာကတော့ မတ်လမှာ သူတို့ကိုကျွန်တော်တို့လိုအပ်ပါတယ်။ အတူတကွရှိပြီး အသင်းရဲ့ရလဒ်တွေကို အတူတူမျှဝေခံစားဖို့ပါ။ပရိသတ်တွေက ကျွန်တော်တို့အတွက်အရမ်းအရေးကြီးပါတယ်" လို့ပြောကြားခဲ့ပါတယ်။