ပီအက်စ်ဂျီကွင်းလယ်လူ ဗီတင်ဟာက ဘောလွန်းဒီအော်ဆုရှင်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းလိုက်တဲ့ ဖရန့်ခ်
တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းဘက်ကို ဟက်ထရစ်သွင်းယူခဲ့တဲ့ ပီအက်စ်ဂျီကွင်းလယ်လူ ဗီတင်ဟာဟာ ဘောလွန်းဒီအော်ဆုရှင်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ပီအက်စ်ဂျီဟာ ဗီတင်ဟာရဲ့ဟက်ထရစ်နဲ့အတူ တော့တင်ဟမ်ကို ၅-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာသို့တက်လှမ်းနိုင်ခဲ့ကာ နောက်တစ်ဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။
ဗီတင်ဟာဟာ ပီအက်စ်ဂျီအတွက်ဂိုးတွေကို ပွဲကစားချိန် ၄၅ မိနစ်နဲ့ ၅၃ မိနစ်တို့မှာ အဝေးကန်ချက်တွေနဲ့သွင်းယူပေးခဲ့ပြီး ၇၆ မိနစ်မှာတော့ ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယခုရာသီအစောပိုင်းမှာ ပီအက်စ်ဂျီတောင်ပံကစားသမား အူစမန်ဒမ်ဘီလီဟာ ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးနိုင်ခဲ့သလို၊ လာမယ့်ရာသီမှာလည်း ဗီတင်ဟာက အဆိုပါဆုကိုဆွတ်ခူးနိုင်တယ်လို့ ဖရန့်ခ်ကချီးကျူးလာခဲ့တာဖြစ်ပါတယ်။
ဒိန်းမတ်သားနည်းပြက "ဗီတင်ဟာက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူပါ။ လာမယ့်နှစ်ဘောလွန်းဒီအော်ဆုရှင်က သူဖြစ်လာနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဥရောပမှာ ဘောလွန်းဒီအော်ဆုအတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့တိုက်စစ်မှူးတွေ မြောက်မြားစွာရှိနေတာဖြစ်ပြီး လောလောဆယ်မှာ ရာသီအစသာရှိသေးတာကြောင့် ဗီတင်ဟာအနေနဲ့ ဆုကိုဆွတ်ခူးနိုင်ဖို့အတွက် လက်ရှိခြေစွမ်းကို တစ်နှစ်ပတ်လုံးထိန်းသိမ်းနိုင်ဖို့လိုအပ်နေပါတယ်။
ရီးရဲလ်မက်ဒရစ်စူပါစတား ခီလီယံအမ်ဘာပေဟာ အိုလံပီယာကော့စ်နဲ့ပွဲစဉ်မှာ ၄ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီမှာ ကလပ်နဲ့နိုင်ငံအတွက် ၂၂ ပွဲကစားထားရာမှာ ၂၇ ဂိုးအထိရရှိထားလို့ ဗီတင်ဟာအတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။
တစ်ချိန်တည်းမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်း၊ မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းတို့ကလည်း ဂိုးတွေဆက်တိုက်သွင်းယူနေတာကြောင့် ဘောလွန်းဒီအော်ဆုအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိနေကြပါတယ်။ ဒါ့အပြင် ဘောလွန်းဒီအော်ရဲ့သဘောတရားအရ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်တို့လို အဓိကဆုဖလားတွေဆွတ်ခူးနိုင်တဲ့ ကစားသမားက ဆုအတွက် မဲအများဆုံးရရှိနိုင်တာကြောင့် ဗီတင်ဟာအနေနဲ့ ကလပ်အသင်း၊ လက်ရွေးစင်အသင်းတွေနဲ့အတူ အောင်မြင်မှုတွေရရှိဖို့ ကြိုးစားသွားရဦးမှာဖြစ်ပါတယ်။