The network connection is lost.

Banner Image

ယူနိုက်တက်အနေနဲ့ ကွင်းလယ်ခံစစ်နေရာအတွက် ဘယ်ကစားသမားကို ခေါ်ယူသင့်သလဲ အကြံပေးလိုက်တဲ့ ပေါလ်စခိုးလ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အသင်းအနေနဲ့ လိုအပ်နေတဲ့ ကွင်းလယ်ခံစစ်နေရာအတွက် ကားလို့စ်ဘာလီယာ၊ အဒမ်ဟွာတန်နဲ့ အီးလီးယော့အန်ဒါဆန်တို့အနက် ဘယ်ကစားသမားကို ‌ခေါ်ယူသင့်သလဲဆိုတာ အကြံပေးပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်ဟာ တိုက်စစ်ကိုသာ အဓိကထားအင်အားဖြည့်တင်းခဲ့ပြီး ဘင်ဂျမင်ဆက်စ်ကို၊ ဘရိုင်ဘန်အမ်ဘွေမိုနဲ့ မားသီးယက်စ်ကွန်ညာတို့ကိုသာ ခေါ်ယူခဲ့ပါတယ်။ နည်းပြရူဘင်အာမိုရင်အနေနဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ထပ်မံခေါ်ယူဖို့ ဘရိုက်တန်ကြယ်ပွင့် ဘာလီဘာကို အဓိကပစ်မှတ်ထားခဲ့ပေမယ့် ဘရိုက်တန်ဘက်မှတောင်းဆိုခဲ့တဲ့ ငွေကြေးပမာဏကြောင့် လက်လျှော့ခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်း ယူနိုက်တက်ဟာ ဘာလီဘာကိုခေါ်ယူဖို့ ဆက်လက်ပစ်မှတ်ထားနေခဲ့ပြီး ယခုအခါမှာ အဒမ်ဟွာတန်နဲ့ အန်ဒါဆန်တို့ကလည်း ပစ်မှတ်စာရင်းထဲရောက်ရှိလာခဲ့ပါတယ်။ ဒါကြောင့် အဆိုပါကစားသမား ၃ ဦးထဲမှ ယူနိုက်တက်ဟာ တစ်ယောက်ကိုသာခေါ်ယူနိုင်ဖို့ရှိနေပြီး ဘယ်ကစားသမားကိုခေါ်ယူသွားမလဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ပေါလ်စခိုးလ်က "သူတို့ ၃ ယောက်စလုံးက အရမ်းကောင်းတဲ့ကစားသမားတွေပါ။ ဘာလီဘာက အရမ်းငယ်သေးပေမယ့် ၃ ယောက်စလုံး လူငယ်တွေပါပဲ။ ဒါပေမယ့် ယူနိုက်တက်အတွက်ဆိုရင်တော့ ဘာလီဘာက အရမ်းငယ်ဦးမယ်လို့ထင်ပါတယ်။ သူက ကိုင်စီဒိုလိုကစားတဲ့ ကစားသမားပါ။ ကိုင်စီဒိုက ချဲလ်ဆီးအတွက်အရမ်းကောင်းပေမယ့် ယူနိုက်တက်မှာလိုအပ်တာက ဒီလိုကွင်းလယ်လူမျိုးဟုတ်ပါ့မလား မသေချာပါဘူး" 

"အဒမ်ဟွာတန်ကလည်း အရမ်းကောင်းတဲ့ကွင်းလယ်လူပါ။ အိုးလ်ထရက်ဖို့ဒ်မှာ လျင်လျင်မြန်မြန်အသားကျပါ့မလားဆိုတာတော့ မေးခွန်းတစ်ခုပါ။ ယူနိုက်တက်မှာဆိုရင် ကြံ့ခိုင်မှုပြည့်ဝနေဖို့လိုပါတယ်။ အသင်းအတွက် ဘောလုံးကိုင်ပြီးကစားပေးနိုင်ဖို့လိုတာပါ"

"အင်္ဂလန်အသင်းမှာပါဝင်လာတဲ့ကွင်လယ်လူတွေထဲမှာ ကျွန်တော့်အတွက်အံ့အားသင့်စရာအကောင်းဆုံးကတော့ အန်ဒါဆန်ပါ။ သူ နယူးကာဆယ်မှာရှိချိန်က ကျွန်တော်အရမ်းသဘောကျခဲ့ပါတယ်။ ဒါပေမယ့် သူက တိုက်စစ်ကိုပိုလိုက်ပါတတ်တဲ့ ကွင်းလယ်လူပါ။ နံပါတ် ၈ ဒါမှမဟုတ် နံပါတ် ၁၀ နေရာတွေအတွက်ပိုသင့်တော်ပါတယ်။ ကျွန်တော့်အနေနဲ့ နံပါတ်တွေပြောရတာမကြိုက်ပေမယ့် အန်ဒါဆန်က ၈ နဲ့ ၁၀ နေရာတွေမှာပိုကောင်းတဲ့ကစားသမားမျိုးပါ"

"ဒီ‌တော့ ကျွန်တော့်အနေနဲ့ကွင်းလယ်ခံစစ်နေရာအတွက်ဆို ဟွာတန်ကို ရွေးချယ်ချင်ပါတယ်။ သူတို့ ၃ ယောက်စလုံးက ယူနိုက်တက်ရဲ့ကွင်းလယ်အတွက်သင့်တော်ပါ့မလားဆိုတာ မသေချာပေမယ့် လက်ရှိဘောလုံးလောကရဲ့ ကစားပုံတွေအရတော့ ဘယ်အသင်းအတွက်မဆို သင့်တော်တဲ့သူတွေချည်းပါပဲ။ သူတို့ထဲမှာဟွာတန်က အရည်အသွေးပိုမြင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ဆိုရင်တော့ ဟွာတန်ကိုပဲခေါ်ယူမှာပါ။ ယူနိုက်တက်မှာကစားမယ်ဆိုရင် ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်က တိုက်စစ်ရော၊ ခံစစ်မှာပါ လိုက်ပါကစားနိုင်ဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရလဒ်ကို ပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။