
စာချုပ်သစ်မသေချာချိန်မှာ ဆာလက်ကို အကြံပေးလိုက်တဲ့ နည်းပြဟောင်း
ဆာလက်ရဲ့အီဂျစ်ယူ - ၂၀ နည်းပြဟောင်း ဒီယာကတော့ လီဗာပူးအသင်းမှာ အနာဂတ်မသေချာချိန် တပည့်ဟောင်းကို အကြံပေးလိုက်ပါတယ်။ ဒီယာဟာ ဆာလက်ကို ယူ - ၂၀ တုန်းက နည်းပြခဲ့တာဖြစ်ပြီး ဘယ်နောက်ခံလူကနေ ဘယ်တောင်ပံကစားသမားအဖြစ် ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီယာက ဆာလက်အနေနဲ့ လီဗာပူးအသင်းမှာပဲဆက်နေသင့်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဆာလက်ရဲ့စာချုပ်အခြေအနေက ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဆာလက်အပြင် အာနိုးလ် နဲ့ ဗန်ဒိုက်တို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုရမှာဖြစ်ပြီး အဆင်မပြေသေးတာဖြစ်ပါတယ်။ အာနိုးလ်ကို ရီးရဲလ်အသင်းက ချိတ်ဆက်နေပြီး ဗန်ဒိုက်ကတော့ အသင်းမှာဆက်နေဖို့ များနေပါတယ်။ ဒီယာက အင်တာဗျူးတစ်ခုမှာ “ကျွန်တော် ဆာလက်ကို ကလေးဘဝကတည်းက သိခဲ့တာပါ။ လူသားတစ်ဦးအနေနဲ့ သူဘယ်လောက်ရိုးသားလဲဆိုတာလည်း သိပါတယ်။ သူ လီဗာပူးမှာ ၈ နှစ်ကျော်လောက်နေခဲ့တာပါ။ သူ့ရဲ့အချက်အလက်တွေက အံ့အားသင့်စရာပါ။ ကျွန်တော်ကတော့ သူ့ကိုအန်ဖီးလ်မှာ ဆက်နေစေချင်ပါတယ်။ အီဂျစ်မှာရှိတဲ့သူတွေကလည်း သူ့ကိုအဲ့မှာဆက်မြင်ချင်နေပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဆာလက်ဟာ အခုညမှာကန်မယ့် ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးအသင်းအတွက် ပါဝင်လာဖွယ်ရှိနေပါတယ်။ အဲ့နောက် လီဗာပူးအသင်းဟာ စနေနေ့မှာ ဆောက်သမ်တန်နဲ့ကန်ရမှာဖြစ်ပြီး လာမယ့်အပတ် နယူးကာဆယ်နဲ့ကာရာဘောင်ဖလားဖိုင်နယ်ပွဲမတိုင်ခင် ချန်ပီယံလိဂ် ဒုတိယအကျော့ကန်ရမှာဖြစ်ပါတယ်။