မိုဆာလက်ကို အသင်းဆီပြန်ခေါ်ဖို့ဆိုတာ လွယ်ကူတဲ့ဆုံးဖြတ်ချက်တစ်ခုပါလို့ ဖွင့်ဟလာတဲ့ အန်းစလော့
ယမန်နေ့ညပိုင်း၊ ဘရိုက်တန်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး လီဗာပူးနည်းပြအန်းစလော့က မိုဆာလက်ကို အသင်းလူစာရင်းဆီပြန်ခေါ်ယူဖို့ဆိုတာ လွယ်ကူတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။
လတ်တလောပေါက်ကွဲသံစဉ်အင်တာဗျူးအစီအစဉ်တစ်ခုအပြီး အသက်-၃၃ နှစ်အရွယ်မိုဆာလက်ကို အင်တာမီလန်နဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်လူစာရင်းမ ဖယ်ရှားထားခဲ့ပါတယ်။
လိဒ်နဲ့တစ်ဖက်သုံးဂိုးစီသရေကျတဲ့ ပရီမီးယားလိဂ်ပွဲစဉ်မှာ ပွဲချိန်ပြည့်အရန်ခုံထိုင်ခဲ့ရပြီးနောက် မိုဆာလက်က သူူ့အပေါ်သစ္စာဖောက်သလို ခံစားမိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဘရိုက်တန်နဲ့ပွဲစဉ်အတွက် အသင်းလူစာရင်းဆီ ပြန်လည်ပါဝင်လာချိန် မိုဆာလက်က လီဗာပူးအတွက် အနိုင်သုံးမှတ်သေချာစေမယ့် အီကီတီကီရဲ့ဒုတိယမြောက်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။
ပွဲစဉ်အပြီး မိုဆာလက်ကိုပြန်ခေါ်ယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မေးမြန်းလာချိန် အန်းစလော့က သူ့အတွက် လွယ်ကူတဲ့ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ခဲ့တယ်လို့ ဝန်ခံပါတယ်။
အန်းစလော့က “ မိုဆာလက်ဟာ လက်နက်ကောင်းတစ်ခုဖြစ်ခဲ့တယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။
သူ့ရဲ့ပထမဆုံးဘောလုံးထိချက်က မက်အယ်လစ္စတာအတွက် ဂိုးဖန်တီးပေးမှုတစ်ခု ဖြစ်လုနီးပါးပါပဲ။ ကျွန်တော်တို့အတွက် မိုဆာလက်ရှိနေတယ်ဆိုတဲ့အချက်မှာ သူကိုယ်တိုင်လည်း အဆက်မပြတ် ပါဝင်နေခဲ့ပါတယ်။ အခုလိုမြင်တွေ့ရတာ ဝမ်းသာမိပေမယ့် အံ့သြဖို့မကောင်းပါဘူး။
အသင်းလူစာရင်းမှာ သူ့ကိုထည့်သွင်းဖို့ဆိုတာ လွယ်ကူတဲ့ဆုံးဖြတ်ချက်တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အချင်းချင်းကြားမှာပြောခဲ့တဲ့စကားတွေကို ကျွန်တော်တို့ကြားမှာပဲထားရှိဖို့ အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့အသင်းအတွက် မိုဆာလက်ကို လိုအပ်ခဲ့ပါတယ်။ သူကလည်း ကျွန်တော်တို့အတွက် ပျော်ရွှင်စရာတွေဆောင်ကျဉ်းပေးလာမယ့် ဒုတိယဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ကျွန်တော်တို့က အခုဘောလုံးရာသီမှာဆိုရင် အလွတ်တည်ကန်ဘောတွေနဲ့ပတ်သက်လို့ အကြိမ်ကြိမ်အခက်တွေ့ဒုက္ခရောက်ခဲ့ပါတယ်။
အခုတော့ မိုဆာလက်ကို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဆီ လက်လွှတ်ရဖို့ရှိလို့ ကျွန်တော်တို့အတွက် နောက်ထပ်ကစားသမားတစ်ဦး ဆုံးရှုံးသွားရပါတော့မယ်။ ဒါကို ဘောလုံးရာသီမစတင်ခင်ကတည်းက ကျွန်တော်တို့အားလုံး သိရှိပြီးသားပါ။ ကစားသမားတစ်ဦး၊ နှစ်ဦးလောက် ဒဏ်ရာအခြေအနေမှပြန်လာနိုင်ဖို့ မျှော်လင့်မိပါတယ်”လု့ိ ပြောပါတယ်။