The network connection is lost.

Banner Image

ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ အဖြစ် ပရီးမီးယားလိဂ်မှ ကစားသမား တစ်ဦးရဲ့နာမည်ကို ပြောကြားလိုက်တဲ့ အလက်ဇန်ဒရို နက်စ်တာ

ဗာဂျီလ် ဗန်ဒိုက်ခ်ဟာ ၂၀၁၇ ခုနှစ်မှာ ပေါင် ၇၅ သန်းနဲ့ ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ရောက်ရှိလာခဲ့ပြီးနောက် လီဗာပူးတို့ရဲ့ အောင်မြင်မှုရဲ့ အဓိက နှလုံးသား ဖြစ်ခဲ့ပါတယ်။ အသက် ၃၄ နှစ် ရှိပြီဖြစ်တဲ့ ဗန် ဒိုက်ခ်ဟာ ပြီးခဲ့တဲ့ ဧပြီလက အန်ဖီးလ်မှာ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် မာဆေးလ်ဆိုဒ်မှာ နည်းပြ အာနီ ဆလော့ရဲ့ အစီအစဉ်တွေအတွက် မရှိမဖြစ် အရေးပါနေဆဲပါ။

ပရီးမီးယားလိဂ်မှာ ထူးချွန်တဲ့ နောက်ခံလူတွေ များစွာ ရှိနေပြီး ဝီလီယမ် ဆာလီဘာ နဲ့ ဂါဘရီယယ်လ် မာဂါလ်ဟေးစ် တို့ဟာ အာဆင်နယ် ခံစစ်ရဲ့ အလယ်ဗဟိုမှာ ကြီးမားတဲ့ စုံတွဲအဖြစ် ရှိနေပါတယ်။ မာ့ခ် ဂူယီဟာလည်း ကလပ်နဲ့ နိုင်ငံအသင်း နှစ်ခုစလုံးအတွက် ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးအဖြစ် ထွက်ပေါ်လာခဲ့ပြီး ရာသီအကုန်မှာ ခရစ္စတယ်လ် ပဲလေ့စ် ကနေ ထွက်ခွာတဲ့အခါ ဥရောပတစ်လွှားက ကြီးမားတဲ့ ကမ်းလှမ်းမှုတွေ မလွဲဧကန် ရရှိမှာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အီတလီနိုင်ငံဟာ ကမ္ဘာပေါ်က အကောင်းဆုံး နောက်ခံလူတွေရဲ့ နေအိမ် ဖြစ်ခဲ့ပြီး နက်စ်တာ ဟာလည်း နှစ်ပေါင်းများစွာ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့သူပါ။ အီတလီ လက်ရွေးစင်ဟောင်းဟာ နှစ်ပေါင်းများစွာ အံ့မခန်း မြင့်မားတဲ့ ခြေစွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဗန်ဒိုက်ခ်ရဲ့ လုပ်ဆောင်ပုံတွေကို အထင်ကြီး လေးစားခဲ့သလို ခံစစ်ပိုင်းမှာ အခုထိ အကောင်းဆုံး ပေးစွမ်းနိုင်သူအဖြစ် ချီးကျူးခဲ့ပါတယ်။

"ကျွန်တော့်အတွက်တော့ အခုချိန်မှာ ဗန် ဒိုက်ခ်က အကောင်းဆုံးပါပဲ။ သူက အကောင်းဆုံးပါ၊ ဘာလို့လဲဆိုတော့ သူက နှစ်စဉ်နှစ်တိုင်း အဆင့်အတန်း တစ်ခုတည်းမှာ ကစားနေလို့ပါ။ သူက ပရီးမီးယားလိဂ်မှာ ကစားတယ်။ ကျွန်တော့်အတွက်တော့ ကမ္ဘာ့အကြီးဆုံးလိဂ်၊ အခက်ခဲဆုံး လိဂ်ပါ။ ဒါကြောင့် ကျွန်တော့်အတွက် သူက အကောင်းဆုံးပဲ" လို့ နက်စ်တာက ပြောပါတယ်။

၂၀၁၀ မှာ အင်တာမီလန် အောင်ပွဲခံခဲ့ပြီးနောက်ပိုင်း စီးရီးအေ ကလပ်တွေဟာ ချန်ပီယံလိဂ် ဆုဖလား မရခဲ့တာကြောင့် အီတလီကလပ်တွေဟာ ပရီးမီးယားလိဂ်ရဲ့ ငွေကြေး အင်အားကို ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

နက်စ်တာက အဲဒီလို ပြောင်းလဲမှု ဖြစ်ရတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုအဖြစ် အီတလီမှာ ဘောလုံးကလပ် ပိုင်ဆိုင်မှု ပုံစံ အကြီးအကျယ် ကွာခြားနေတာကို ထောက်ပြခဲ့ပါတယ်။ "အီတလီမှာ လိဂ်က ပြောင်းလဲနေပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက အီတလီမှာ အချမ်းသာဆုံး မိသားစုတွေက ကလပ်တွေကို ထိန်းချုပ်ထားခဲ့တာ"

"သူတို့ဟာ အသင်းတွေကို တိုးတက်အောင်လုပ်ဖို့နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ဝယ်ယူဖို့အတွက် ငွေအများကြီး သုံးစွဲခဲ့ကြတယ်။ ဒီအချိန်မှာတော့ ကျွန်တော်တို့ အမေရိကန်ကနေ ကမ်းလှမ်းမှုတွေ ရနေပါတယ်။ သူတို့က စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ ရဖို့အတွက်ပဲ အီတလီကို လာကြတာ။ ဒါက မတူတော့ပါဘူး"

"မတူပါဘူး။ ကျွန်တော့်အတွက်တော့ စီးရီးအေက ကမ္ဘာ့အကောင်းဆုံး လိဂ် ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော်တို့ ပိုပြီး ခိုင်မာတဲ့ အရာတစ်ခုကို တည်ဆောက်ခဲ့ခြင်း မရှိပါဘူး" "အခုတော့ အီတလီ မိသားစုတွေဆီက ငွေကြေး အများကြီး မရှိဘဲနဲ့ ပရီးမီးယားလိဂ်က ကျွန်တော်တို့ကို သတ်နေပါပြီ" လို့ သူက ပြောပါတယ်။