The network connection is lost.

Banner Image

လီဗာပူးအတွက် ကစားပေးချိန်တိုင်း နိုင်ပွဲရရှိဖို့လိုအပ်တယ်လို့ ဖွင့်ဟပြောဆိုလိုက်တဲ့ အီကီတီကီ

လီဗာပူးတိုက်စစ်မှူးအီကီတီကီက စနေနေ့ညပိုင်း၊ ဘရိုက်တန်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပရီမီးယားလိဂ်ပွဲစဉ်မှာ အဆုံးအဖြတ်ဂိုးတွေကို တစ်ဦးတည်းသွင်းယူပေးခဲ့ပါတယ်။
အသက်-၂၃ နှစ်အရွယ်ကစားသမားက သူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုးစာရင်းမှာ နောက်ထပ်သွင်းဂိုးတွေ ထည့်ပေါင်းလာပြီးနောက် အခုရာသီ၊ လီဗာပူးအသင်းအတွက် အကောင်းဆုံးကစားသမားအဖြစ် အငြင်းပွားဖွယ်မရှိ ရပ်တည်နေပါတယ်။
ပွဲစဉ်အပြီးမှာတော့ တိုက်စစ်မှူးက အခုပွဲစဉ်မှာ သူကိုယ်တိုင်သွင်းယူခဲ့တဲ့ ဂိုးတွေရဲ့အရေးပါမှုကို လျှော့ချပြောဆိုခဲ့ပါတယ်။
အီကီတီကီက “ ဒီနေ့ပွဲစဉ်မှာ အခုထက်ပိုပြီး ဂိုးတွေသွင်းယူနိုင်သင့်တယ်ဆိုတာ သိရှိထားလို့ ပြီးပြည့်စုံမှုရှိတယ်လို့တော့ ကျွန်တော် မပြောနိုင်ပါဘူး။ အရေးအကြီးဆုံးအချက်က ကိုယ့်အိမ်ကွင်းပရိသတ်ရှေ့မှောက် အနိုင်ရရှိဖို့ပါပဲ။ ကိုယ့်ရဲ့အလုပ်အတွက် ကောင်းမွန်တဲ့နေ့ရက်တစ်ခု ဖြစ်ခဲ့ပါတယ်။
(ဗွေဆော်ဦးဂိုးနဲ့ပတ်သက်လို့) ဘောလုံးက အလျှင်အမြန်နဲ့ရောက်ရှိလာပြီး ကျွန်တော်လည်း အဆင်သင့်ဖြစ်နေဖို့ ကြိုးစားခဲ့ပါတယ်။ ပထမဆုံးမိနစ်မှာတင် ဂိုးသွင်းယူဖို့ကို မမျှော်လင့်ထားခဲ့ပါဘူး။ အမြဲတမ်းအဆင်သင့်ဖြစ်နေအောင် ကြိုးစားပါတယ်။
(ဒုတိယဂိုးနဲ့ပတ်သက်လို့) မိုဆာလက်က ကျွန်တော့်ဆီ အကောင်းဆုံးဖန်တီးပေးခဲ့ပါတယ်။ ကျွန်တော်က နေရာကောင်းတစ်ခုမှာ ရှိနေရုံလေးပါပဲ။ ဒါက အဆုံးသတ်ဖို့အတွက် လွယ်ကူစေခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဟက်ထရစ်သွင်းနိုင်မလားဆိုပြီး စောင့်မျှော်နေခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်တော့ ဖြစ်လာပါလိမ့်မယ်။ နှစ်ဂိုးသွင်းယူနိုင်တယ်ဆိုတာလည်း ကောင်းပါတယ်။ ကျွန်တော်တို့အားလုံး အတူတကွစုစုစည်းစည်းနဲ့ ကြိုးစားအားထုတ်ခဲ့ပါတယ်။ လွယ်ကူတဲ့ပွဲစဉ် မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်ရှိနေဖို့ လိုအပ်ခဲ့ပါတယ်။ နိုင်ပွဲနဲ့လည်း ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့သီတင်းပတ်တစ်ခုရှိခဲ့ပြီး ဒီအတိုင်း ရှေ့ဆက်သွားကြပါစို့။
လီဗာပူးအတွက် ကစားပေးချိန်တိုင်း ပွဲစဉ်တွေကို အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က လီဗာပူးအသင်းပါ၊ ကျွန်တော်တို့အတွက် နိုင်ပွဲတွေ လိုအပ်ပါတယ်”လို့ ပြောပါတယ်။