တင်းမာမှုတွေရှိနေပေမယ့် လီဗာပူးမှာပဲ ဆက်ရှိနေချင်တဲ့ မိုဆာလက်
လိဒ်ယူနိုက်တက်နဲ့ တစ်ဖက်သုံးဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ပေါက်ကွဲသံစဉ်အင်တာဗျူးတစ်ခု ထွက်ပေါ်ထားပေမယ့် မိုဆာလက်က လာမယ့်ဇန်နဝါရီလမှာ လီဗာပူးမှထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ သတင်းတွေအရ သိရပါတယ်။
အသက်-၃၃ နှစ်အရွယ်ကစားသမားက အယ်လန်ရုတ်ဒ်မှာ လိဒ်နဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက် အထင်ကရဖြစ်လာမယ့်အင်တာဗျူးအစီအစဉ်တွေအနက် တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သုံးပွဲဆက်အရန်ခုံထိုင်ခဲ့ရပြီးနောက် မိုဆာလက်က အသင်းရဲ့ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ပိုင်းကြောင့် သူဟာ ဓါးစာခံဖြစ်ရတယ်လို့ ဆိုခဲ့ပြီး အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အသင်းမှ ကာလတိုမထွက်ခွာခင် လာမယ့်စနေနေ့၊ ဘရိုက်တန်နဲ့ပွဲစဉ်ကို လီဗာပူးကစားသမားဘဝ၊ နောက်ဆုံးပွဲစဉ်ဖြစ်လာနိုင်တယ်လို့တောင် ဆွေးနွေးခဲ့ပါတယ်။
ဒါပေမဲ့ The Sun သတင်းစာရဲ့အဆိုအရ မိုဆာလက်အနေဖြင့် ဖိအားတွေရှိနေပေမယ့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ကာလအတွင်း လီဗာပူးမှထွက်ခွာဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ မိုဆာလက်အတွက် အခုအချိန်၊ အသင်းပြောင်းရွှေ့ဖို့စဉ်းစားမယ်ဆိုရင် သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ကာယကံရှင်ကိုယ်တိုင်ကတော့ အသင်းပြောင်းရွှေ့ဖို့ကို စိတ်မဝင်စားပါဘူး။
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေစတင်နေချိန် အီဂျစ်နည်းပြဟာဆန်က အသင်းနဲ့အတူ စောစောစီးစီးပူးပေါင်းနိုင်ရေးအခွင့်အလမ်းတစ်ခုကို မိုဆာလက်အတွက် ကမ်းလှမ်းပေးထားပါတယ်။