The network connection is lost.

Banner Image

ပုံစံကောင်းပြသနေတဲ့ လီဗာပူးတိုက်စစ်မှူးကို အပြည့်အဝထောက်ခံပေးလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးကပ္ပတိန်ဗန်ဒိုက်က ဘောလုံးရာသီသစ်ကို အဆင်ပြေပြေစတင်နိုင်ခဲ့တဲ့ ဟူဂိုအီကီတီကီကို အောင်မြင်မှုရရှိနိုင်မယ့်သူလို့ ထောက်ခံပေးခဲ့ပါတယ်။ အီကီတီကီက ပြီးခဲ့တဲ့သီတင်းပတ်၊ ဘရိုက်တန်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပြီး လီဗာပူးအသင်းကို နှစ်ပွဲဆက် Clean Sheet နဲ့အတူ နိုင်ပွဲရရှိအောင် ကူညီပေးခဲ့ပါတယ်။

ဒါ့အပြင် ပြင်သစ်ကစားသမားက လိဒ်ယူနိုက်တက်နဲ့ သုံးဂိုးစီသရေကျတဲ့ပွဲစဉ်မှာလည်း နှစ်ဂိုးသွင်းယူနိုင်ခဲ့လို့ ပရီးမီးယားလိဂ်နှစ်ပွဲဆက် နှစ်ဂိုးသွင်းယူနိုင်တဲ့မှတ်တမ်းကို ပိုင်ဆိုင်သွားပါတယ်။ ဗန်ဒိုက်ကတော့ အသက်-၂၃ နှစ်အရွယ်တိုက်စစ်မှူးကို လီဗာပူးနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်မယ့်သူအဖြစ် ထောက်ခံပေးခဲ့ပေမယ့် သူ့ရဲ့အကောင်းဆုံးပုံစံကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ဘာတွေလိုအပ်မလဲဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ဒတ်ချ်ခံစစ်မှူးက “ အီကီတီကီကိုယ်တိုင် အကောင်းဆုံးလုပ်ပြနေတယ်ဆိုတာ သိသာထင်ရှားတယ်လို့ ထင်ပါတယ်။ အလွန်တည်ငြိမ်မှုရှိပြီး အလန်းစားအဆုံးသတ်စွမ်းရည် ဖြစ်ပါတယ်။ မိုဆာလက်ရဲ့ထောင့်ကန်ဘောပေးပို့မှုမှာလည်း သူ့ရဲ့ခေါင်းတိုက်ချက်က အလားတူကောင်းမွန်ပါတယ်။ ကျွန်တော်လည်း သူ့ကို အပြည့်အဝအားပေးနေပေမယ့် အလုပ်တွေကို သူကိုယ်တိုင်ပဲ လုပ်ခဲ့ရပါတယ်။ သူရဲ့သွင်းဂိုးတွေနဲ့ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေက အလွန်အရေးပါတယ်ဆိုတာ သိသာထင်ရှားပါတယ်။

အီကီတီကီကိုယ်တိုင်လည်း သူ့ရဲ့ပုံစံကောင်းဆီမှ အခုထက်ပိုပြီး လိုချင်နေသလို ကျွန်တော်တို့အားလုံးလည်း သူအပါအဝင် ကျန်ကစားသမားအားလုံးဆီမှ အခုထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုး လိုချင်ကြပါတယ်။ လွယ်ကူတဲ့ဘောလုံးရာသီတစ်ခု မဟုတ်ပေမယ့် သူဝင်ရောက်လာပြီးနောက် အခုလိုမျိုးစွမ်းဆောင်ပြနေမှုကို ကျွန်တော်တို့ရော၊ သူကိုယ်တိုင်ပါ မဖြစ်မနေလိုအပ်ပါတယ်။

အီကီတီကီအတွက် စိတ်အေးအေးနဲ့ အလုပ်ကိုဆက်ကြိုးစားပြီး မိမိကိုယ်ကိုကူညီပေးသွားရုံပါပဲ။ ဒါက အီဆက်ခ်အပါအဝင် အသင်းမှာရှိနေတဲ့ ကျန်ကစားသမားတွေအတွက်လည်း အကောင်းဆုံးပုံစံရရှိဖို့ အကူအညီဖြစ်စေပါတယ်။ သူ အဆင်ပြေလာမယ်ဆိုတာ အပြည့်အဝယုံကြည်ထားပါတယ်”လို့ ပြောပါတယ်။

အီကီတီကီက ဘရိုက်တန်နဲ့ပွဲစဉ်အတွင်း ဂိုးပေါက်တည့်ကန်ချက် ခုနစ်ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အခုရာသီ၊ ကလပ်အသင်းဖော်တွေထက် ပိုမိုသာလွန်တဲ့စွမ်းဆောင်ရည်မျိုး ပြသခဲ့ပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးလေးနေရာအတွက် တွန်းအားပေးနေတဲ့ လီဗာပူးအတွက် လာမယ့်သီတင်းပတ်၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ချိန်မှာလည်း အခုလိုမျိုးစွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ အီကီတီကီ မျှော်လင့်နေပါလိမ့်မယ်။