ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့တဲ့ ဟာလန်း
မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းဟာ ဗုဒ္ဓဟူးနေ့နံနက်က ဖူလ်ဟမ်ကို ၄-၅ နဲ့ခက်ခက်ခဲခဲအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုးသွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုး ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားအဖြစ်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ယခုဒီဇင်ဘာလမှာ ပရီးမီးယားလိဂ်ဂန္ထဝင် အလန်ရှီးယားရဲ့ ၁၂၄ ပွဲအတွင်း ဂိုး ၁၀၀ ပြည့်မြောက်အောင်သွင်းယူနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်း နှစ် ၃၀ ပြည့်မြောက်မှာဖြစ်ပေမယ့် ယခုအခါမှာ ဟာလန်းက ၁၁၁ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်မြောက်အောင်သွင်းနိုင်ခဲ့တာကြောင့် အလန်ရှီးယားရဲ့စံချိန်မှတ်တမ်းဟာ ၂၉ နှစ်နဲ့ ရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်။
ဟာလန်းအနေနဲ့ ယခုရာသီအစမှာ မန်စီးတီးအတွက်ဂိုးတွေတောက်လျှောက်သွင်းပြီး ခြေစွမ်းပြခဲ့ပေမယ့် သွင်းဂိုးက ၉၉ ဂိုးမှာရပ်တန့်နေခဲ့တာကြောင့် ၁၀၀ ပြည့်မြောက်အောင်သွင်းနိုင်ဖို့ ဖိအားတွေဝင်နေသလို ဖြစ်ခဲ့ရပါတယ်။နိုဝင်ဘာလ ၉ ရက်နေ့နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာဂိုးမသွင်းနိုင်ခဲ့တဲ့ဟာလန်းဟာ ယခုအခါမှာတော့ ဖူလ်ဟမ်နဲ့ပွဲမှာ ဂိုးမိုးခေါင်မှုကိုအဆုံးသတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ဟာလန်းဟာ ဖူလ်ဟမ်နဲ့ ၆ ကြိမ်တွေ့ဆုံထားချိန်မှာ ၆ ဂိုးအထိသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ ဟာလန်းဟာ ပွဲအစ ၅ မိနစ်မှာပဲ အပိုင်အခွင့်အရေးရရှိခဲ့ပြီး ဂိုးတိုင်တည့်တည့်ကို ကန်မိခဲ့တာကြောင့် ဂိုး ၁၀၀ ပြည့်မြောက်ဖို့ ကျိန်စာသင့်နေတယ်လို့ ယူဆခဲ့ပေမယ့် ပွဲကစားချိန် ၁၇ မိနစ်မှာပဲ ဘယ်ခြေနဲ့ကန်သွင်းပြီး စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဟာလန်းအနေနဲ့ ပြီးခဲ့တဲ့ နယူးကာဆယ်၊ လိဒ်တို့နဲ့ပွဲစဉ်တွေမှာကတည်းက ဂိုး ၁၀၀ ပြည့်မြောက်စေဖို့ တွန်းအားပေးလုပ်ဆောင်ခဲ့ပေမယ့် ယခုဖူလ်ဟမ်နဲ့ပွဲရောက်မှသာ ဂိုးပြန်လည်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်၊။
အသက်-၂၅ နှစ်အရွယ်နော်ဝေလက်ရွေးစင်ဟာ ပရီးမီးယားလိဂ်မှာ ဂိုး ၁၀၀ သွင်းယူနိုင်ဖို့ ၁၁၁ ပွဲသာလိုအပ်ခဲ့ပြီး အလန်ရှီးယားထက် ၁၃ ပွဲပိုနည်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဂိုး ၁၀၀ အမြန်ဆုံးသွင်းနိုင်ခဲ့တဲ့ကစားသမားစာရင်းထဲမှာ ဟယ်ရီကိန်း (၁၄၁ ပွဲ)၊ ဆာဂျီယိုအဂူရို(၁၄၇ ပွဲ)၊ သီယာရီအွန်နရီ(၁၆၀ ပွဲ) နဲ့ မိုဟာမက်ဆာလက်(၁၆၂ ပွဲ) တို့အစဉ်လိုက်ရပ်တည်နေကြပါတယ်။