မိုဆာလက်နဲ့ စကားမပြောရသေးဘူးလို့ အလီဆင်ဝန်ခံ
မိုဆာလက်ရဲ့လတ်တလောပေါက်ကွဲသံစဉ်အင်တာဗျူးအစီအစဉ်အပြီး အီဂျစ်သားနဲ့ စကားမပြောဖြစ်သေးဘူးလို့ လီဗာပူးဂိုးသမားအလီဆင်က ဝန်ခံလိုက်ပြီး အင်တာမီလန်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ နေရာမရရှိခြင်းဟာ မိုဆာလက်လုပ်ရပ်ရဲ့အကျိုးဆက်သာ ဖြစ်တယ်လို့ ပြောပါတယ်။
အသက်-၃၃ နှစ်အရွယ်ကစားသမားက အယ်လန်ရုတ်ဒ်မှာ လိဒ်နဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက် အထင်ကရဖြစ်လာမယ့်အင်တာဗျူးအစီအစဉ်တွေအနက် တစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။ မိုဆာလက်က သုံးပွဲဆက်အရန်ခုံထိုင်ခဲ့ရပြီးနောက် အသင်းရဲ့ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ပိုင်းကြောင့် သူဟာ ဓါးစာခံဖြစ်ရတယ်လို့ ရှင်းပြသွားခဲ့ပါတယ်။
လက်ရှိမှာတော့ လီဗာပူးက ဒီည၊ အင်တာမီလန်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ မိုဆာလက်ကို မထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မတိုင်ခင် ဂိုးသမားအလီဆင်က အီဂျစ်သားရဲ့ပေါက်ကွဲမှုအပြီး မိုဆာလက်နဲ့ ကိုယ်တိုင်ကိုယ်ကျ စကားမပြောရသေးဘူးလို့ ဝန်ခံလိုက်ပြီး အခုလိုအသင်းရဲ့ခရီးစဉ်နဲ့လွဲချော်မှုဟာ ကိုယ်လုပ်ခဲ့တဲ့အရာအတွက် အကျိုးဆက်သာ ဖြစ်တယ်လို့ ပြောပါတယ်။
အလီဆင်က “ ကျွန်တော်တို့အတွက် စိတ်ကျေနပ်ပျော်ရွှင်နေတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ကျွန်တော်တို့အားလုံး မိုဆာလက်ကို ချစ်ခင်ကြသလို သူက အသင်းအတွက်လည်း အလွန်အရေးကြီးတဲ့ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူက အလွန်အံ့သြဖွယ်ကောင်းတဲ့ လူသားတစ်ဦးဖြစ်သလို အံ့မခန်းဘောလုံးသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူက ကလပ်အသင်းအတွက် အလွန်အရေးပါခဲ့ပြီး မယုံကြည်နိုင်လောက်စရာစွမ်းဆောင်ရည်မျိုးတွေ ပြသခဲ့ပါတယ်။
သူ့ရဲ့ကစားသမားဘဝမှာ အနိုင်ရရှိဖို့လိုအပ်တဲ့အရာအားလုံးကို အနိုင်ရရှိခဲ့ပါတယ်။ အခြေအနေကတော့ ပျော်စရာမကောင်းပါဘူး။ ကျွန်တော်တို့လည်း အနည်းငယ်အံ့အားသင့်ရပေမယ့် ဒါဟာ ပုဂ္ဂိုလ်ရေးအခြေအနေတစ်ရပ်သာ ဖြစ်တယ်ဆိုတာ နားလည်ပေးမိပါတယ်။ ဒါကြောင့်အခုကိစ္စအပေါ် သူနဲ့ အသင်းအကြား တွေ့ဆုံရှင်းလင်းဖို့သာ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ရဲ့ထင်မြင်ယူဆချက်ဆိုတာ သိပ်အရေးမကြီးပါဘူး။
ကျွန်တော်တို့လိုချင်တဲ့အရာကတော့ သူအတွက်ရော၊ ကလပ်အသင်းအတွက်ရော၊ ကစားသမားဝန်ထမ်းအားလုံးအတွက် အကျိုးရှိစေမယ့် သဘောတူညီမှုတစ်ခုကို မိုဆာလက်နဲ့ ကလပ်အသင်းအကြား ရရှိသွားစေဖို့ပဲ ဖြစ်ပါတယ်။ မနက်ဖြန်ညပိုင်းပွဲစဉ်မှာ ကျွန်တော်တို့တွေ အကောင်းဆုံးပုံစံနဲ့ ကစားသွားချင်ပါတယ်။
လီဗာပူးလိုအသင်းတစ်ခုကို လက်ရှိအခြေအနေမှတဆင့် တိုးတက်လာဖို့၊ အနိုင်ရလိုစိတ်ပြသဖို့ လိုလားကြပါတယ်။ ဘောလုံးကို အကောင်းဆုံးကစားပြီး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ဖို့ပါပဲ။ အင်တာမီလန်ဆိုတာ အရမ်းကောင်းတဲ့အသင်းတစ်ခုဖြစ်ပြီး သူတို့နဲ့ရင်ဆိုင်ကစားဖို့တာ မလွယ်ကူဘူးဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။