မန်စီးတီးက အလွန်ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တယ်လို့ ဝန်ခံပြောကြားလာတဲ့ ရိုဒရီဂို
ရီးရဲလ်မက်ဒရစ်တောင်ပံကြယ်ပွင့် ရိုဒရီဂိုက လာမယ့်ကြာသပတေးနေ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမယ့် အစဉ်အလာပြိုင်ဘက် မန်ချက်စတာစီးတီးဟာ အလွန်ရင်ဆိုင်ရခက်ခဲတဲ့အသင်းဖြစ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့မန်စီးတီးတို့ဟာ ချန်ပီယံလိဂ်မှာ ပြီးခဲ့တဲ့ ၄ ရာသီဆက်တိုက်ထိပ်တိုက်တွေ့ဆုံခဲ့ကြတာကြောင့် ယခုအခါမှာ ၅ ရာသီဆက်ထပ်မံတွေ့ဆုံသွားတော့မှာဖြစ်ပါတယ်။ ယခုပွဲစဉ်ကို ရီးရဲလ်မက်ဒရစ်ဟာ ဒဏ်ရာပြဿနာကိုယ်စီကြုံတွေ့နေရတဲ့ အီဒါမီလီတာအို၊ ဒန်နီကာဗာဂျယ်လ်နဲ့ ထရန့်အလက်ဇန်းဒါးအာနိုးလ်တို့မပါဝင်ဘဲ ယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် တနင်္ဂနွေနေ့က ဆယ်လ်တာဗီဂိုကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့မှုကိုပြန်လည်ချေဖျက်နိုင်ဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။
တစ်ဖက်မှာမန်စီးတီးကလည်း ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆန်းဒါးလန်းကိုဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ လေဗာကူဆင်ကိုရှုံးနိမ့်ပြီး အမှတ်လျော့ထားတာကြောင့် ထိပ်ဆုံး ၈ သင်းနဲ့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ရေး ရုန်းကန်လာဖို့ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံစဉ်က ရီးရဲလ်မက်ဒရစ်ဟာ ခီလီယန်အမ်ဘာပေရဲ့ဟက်ထရစ်နဲ့အတူ မန်စီးတီးကို ၂ ကျော့ပေါင်းရလဒ် ၆-၃ နဲ့ဖြုတ်ချနိုင်ခဲ့တာကြောင့် ဒီတစ်ခေါက်မှာ မန်စီးတီးအနေနဲ့ ရှုံးကြွေးဆပ်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မန်စီးတီးက အလွန်ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်ကြောင်းကို ရိုဒရီဂိုက "မန်စီးတီးနဲ့နှစ်တိုင်းကန်နေရလို့ ချန်ပီယံလိဂ်ဒါဘီလိုတောင်ဖြစ်လာပါပြီ။ ဒီပွဲက သံသယဖြစ်စရာမလိုလောက်အောင် ဒီရာသီ ကျွန်တော်တို့အတွက် အခက်ခဲဆုံးပွဲစဉ်တွေထဲကတစ်ပွဲပါ။ နှစ်သင်းစလုံးအကြိတ်အနယ်ကစားပြီး တစ်ဖက်နဲ့တစ်ဖက်ကောင်းကောင်းဒုက္ခပေးတတ်ကြပါတယ်"
"ဒါက တကယ့်ဒါဘီပွဲတစ်ပွဲလိုဖြစ်ပြီး ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေလည်း တစ်နှစ်ပြီးတစ်နှစ်တိုးပွားလာပါတယ်။ ဒီပွဲက အတိတ်မှာကျွန်တော့်အတွက်ပျော်ရွှင်မှုတွေယူဆောင်ပေးနိုင်ခဲ့သလို၊ အခုနဲ့ နောင်အနာဂတ်မှာလည်း ပျော်ရွှင်မှုတွေထပ်ရဖို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးနဲ့အပြီးမှာ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်နောက်ဆုံးပွဲစဉ်တွေအဖြစ် အိမ်ကွင်းမှာ မိုနာကို၊ အဝေးကွင်းမှာ ဘင်ဖီကာတို့နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်လို့ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ အခုကတည်းက ရုန်းကန်သွားရမှာဖြစ်ပါတယ်။