The network connection is lost.

Banner Image

ဗန်ဒိုက်ရဲ့ခေါင်းတိုက်ဂိုးကို အငြင်းပွားဖွယ်ပယ်ချမှုအတွက် PGMOL ဆီ တိုက်ရိုက်ဆက်သွယ်လာတဲ့ လီဗာပူး

မန်စီးတီးနဲ့ပွဲစဉ်အတွင်း ဗန်ဒိုက်ရဲ့ခေါင်းတိုက်သွင်းဂိုးကို ခွင့်မပြုပေးခြင်းအတွက် လီဗာပူးက ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအစည်းအရုံး(PGMOL)ဆီ တိုက်ရိုက်ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ VAR ဒိုင် မိုက်ကယ်အိုလီဗာက ဘောလုံးလားရာလမ်းကြောင်းမှ ခေါင်းငုံ့ရှောင်ပေးခဲ့သလို မန်စီးတီးဂိုးသမားဒွန်နာရမ်မာနဲ့လည်း အတော်လေးကွာဝေးနေတဲ့ ရော်ဘတ်ဆန်ကို လူကျွံအနေအထားဖြင့် အသင်းကစားကွက်မှာ ပါဝင်တယ်ဆိုပြီး ဗန်ဒိုက်ရဲ့သွင်းဂိုးကို ပယ်ဖျက်ဖို့ အတည်ပြုပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့တရားဝင်ကြေညာချက်မှာလည်း “ ရော်ဘတ်ဆန်က ဂိုးသမားရှေ့မှာ သိသာထင်ရှားတဲ့ လုပ်ဆောင်မှုတစ်ခု ပြုလုပ်ခဲ့တယ်”လို့ ဖော်ပြခဲ့ပြီး အခုဆုံးဖြတ်ချက်ကြောင့်  တရားမျှတမှုမရှိဘူးလို့ဆိုကာ ပရိသတ်တွေအကြား အွန်လိုင်းမှတဆင့် အငြင်းပွားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

လူကျွံနေတဲ့ကစားသမားတစ်ဦးက အသင်းဖော်ရဲ့ဘောလုံးပေးပို့မှုကို လက်ခံရယူမှု၊ ပြိုင်ဘက်ရဲ့မြင်ကွင်းကို ရှင်းရှင်းလင်းလင်းပိတ်ဆို့ခြင်းအားဖြင့် ပြိုင်ဘက်ရဲ့ကစားကွက်ကို အနှောင့်အယှက်ဖြစ်စေမှု၊ ပြိုင်ဘက်အတွက် သက်ရောက်မှုရှိနေချိန် ဘောလုံးကစားဖို့ သိသိသာသာကြိုးစားမှုနဲ့ ပြိုင်ဘက်ရဲ့ဘောလုံးကစားနိုင်စွမ်းအပေါ် ရှင်းရှင်းလင်းလင်းသက်ရောက်စေတဲ့ လုပ်ဆောင်မှုတစ်ခုပြုလုပ်ချိန်တွေမှာသာ လူကျွံဘောအဖြစ် သတ်မှတ်နိုင်တယ်လို့ စည်မျဉ်းတွေမှာ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ ကြိုးကြာနီတွေက ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအစည်းအရုံးဆီ ဆက်သွယ်ကာ အခုဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ သိသိသာသာတိုးမြင့်လာတယ်လို့ အကြောင်းကြားခဲ့ပါတယ်။ The Athletic သတင်းဌာနမှ တင်ဆက်တဲ့ သတင်းတစ်ပုဒ်မှာ “ လီဗာပူးအသင်းက PGMOL ဆီ သီးခြားအကြောင်းပြချက်မျိုးစုံဖြင့် အခုလိုဆုံးဖြတ်ခဲ့မှုကို လက်မခံဘူးလို့ အကြောင်းကြားလာခဲ့ပါတယ်။

စည်းမျဉ်းစည်းကမ်းတွေကိုယ်တိုင် ရှင်းလင်းထင်ရှားလှပြီး သွင်းဂိုးကိုပယ်ဖျက်ဖို့အတွက် လိုအပ်တဲ့စံနှုန်းတွေ ပြည့်မီမှုမရှိလို့ ဒီဂိုးကိုခွင့်ပြုပေးသင့်တယ်လို့ လီဗာပူးအသင်းက ယုံကြည်ထားပါတယ်”လို့ ဖော်ပြထားပါတယ်။ ဗန်ဒိုက်ကလည်း VAR စနစ်မိတ်ဆက်လာပြီးနောက်ပိုင်း ဒိုင်လူကြီးတွေရဲ့စံနှုန်းတွေရှေ့နောက်မညီညွှတ်မှုကို ထောက်ပြရင်း စိတ်ပျက်နေမှုကို ဖော်ပြခဲ့ပါတယ်။

လီဗာပူးကပ္ပတိန်က “ ဒီဒိုင်လူကြီးပဲကိုင်တွယ်တဲ့ ပြီးခဲ့တဲ့နှစ်၊ ဝုဗ်နဲ့ပွဲစဉ်မှာ မန်စီးတီးသွင်းယူခဲ့တဲ့ဂိုးအတွက်  ဗီဒီယိုကလစ်တစ်ခုကို ကျွန်တော့်ဆီ တစ်စုံတစ်ဦးက လာပြခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ကံဆိုးမှုကို ရဲရင့်စွာလက်ခံသွားဖို့ လိုအပ်ပြီး ရှေ့ဆက်သွားရပါမယ်”လို့ ပြောပါတယ်။ အဲ့ဒီနေ့မှာပဲ မန်စီးတီးက အငြင်းပွားဖွယ်ပယ်နယ်တီအခွင့်အရေးတစ်ကြိမ် ရရှိခဲ့ပြီး ဒါက အများရဲ့အာရုံစိုက်မှုတွေ ခံစားနေရတဲ့ ဒိုင်လူကြီးတွေအတွက် ကောင်းမွန်တဲ့နေ့ရက်တစ်ခု မဖြစ်လာခဲ့ပါဘူး။