The network connection is lost.

Banner Image

မိုဆာလက်ရဲ့ဒေါသအိုးပေါက်ကွဲမှုနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုလာတဲ့ ရော်ဘတ်ဆန်

ဒီနေ့မနက်ပိုင်း၊ အင်တာမီလန်ကို ဝ-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်အပြီး လီဗာပူးဝါရင့်ခံစစ်မှူးရော်ဘတ်ဆန်က ကလပ်အသင်းမှာ မိုဆာလက်ရဲ့အခြေအနေ ဘယ်လိုရှိသလဲဆိုတာ ထောက်ပြပြောဆိုခဲ့ပါတယ်။
အသက်-၃၃ နှစ်အရွယ်ကစားသမားရဲ့ ပေါက်ကွဲသံစဉ်အင်တာဗျူးတစ်ခုအပြီး မီလန်မြို့ဆီထွက်ခွာမယ့် ခရီးစဉ်အတွက် အသင်းလူစာရင်းမှ မိုဆာလက်ကို ချန်လှပ်ထားခဲ့ပါတယ်။ ဒီအင်တာဗျူးမှာ အီဂျစ်ကြယ်ပွင့်က “သူ့အပေါ် သစ္စာဖောက်ခဲ့ကြတယ်” လို့ ပြောကြားခဲ့ပါတယ်။

တဖက်မှာလည်း လီဗာပူးအသင်းက ပုံစံကောင်းရနေတဲ့ ဆိုဘိုဆလိုင်းရဲ့နောက်ကျပယ်နယ်တီဂိုးဖြင့် ဆန်စီရိုမှာ အင်တာမီလန်ကို အနိုင်ယူခဲ့ပါတယ်။ ဒီပွဲစဉ်အပြီး အသက်-၃၁ နှစ်အရွယ်ဘယ်နောက်ခံလူရော်ဘတ်ဆန်က မိုဆာလက်နဲ့ပတ်သက်လို့ “ ဒီကလပ်အသင်းအတွက် ကစားပေးခဲ့တဲ့ အကြီးကျယ်ဆုံးကစားသမားတွေအနက် တစ်ဦး”လို့ ရည်ညွှန်းပြောဆိုရင်း အခြေအနေတွေအပေါ် သုံးသပ်ပြောဆိုခဲ့ပါတယ်။

ရော်ဘတ်ဆန်က “ ခက်ခဲကြမ်းတမ်းလှတဲ့ အခြေအနေတစ်ရပ်ပါ။ ကျွန်တော်တို့က ဒီကလပ်အသင်းအတွက် ကစားပေးခဲ့တဲ့ အကြီးကျယ်ဆုံးကစားသမားတွေအနက် တစ်ဦးအကြောင်းကို ဆွေးနွေးနေကြတာပါ။ ကျွန်တော်က သူနဲ့အတူ လီဗာပူးဆီ တချိန်တည်းရောက်ရှိလာခဲ့တာပါ။ ဘာတွေပဲဖြစ်နေခဲ့ပါစေ၊ အသင်းအတွင်းမှာတော့ ကျွန်တော်တို့အားလုံး စည်းလုံးညီညွှတ်ကြပါတယ်”လို့ ပြောပါတယ်။

မိုဆာလက်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ရော်ဘတ်ဆန်က “ အဲ့ဒီကိစ္စက ကျွန်တော့်အပေါ်မှာ မူတည်မှုမရှိဘဲ အခြားသူတွေအပေါ်မှာပဲ မူတည်ပါတယ်။ မိုဆာလက်နဲ့အတူ တွဲဖက်ကစားရတာကို ကျွန်တော် ကြိုက်နှစ်သက်ပါတယ်။ ဆက်ပြီးလည်း သူနဲ့အတူ တွဲဖက်ကစားခွင့်ရရှိဖို့ မျှော်လင့်မိပါတယ်။

ချန်ပီယံလိဂ်အမှတ်ပေးဇယားထိပ်ဆုံးရှစ်နေရာအတွင်း ရပ်တည်နိုင်ဖို့နဲ့ Play-off ကိုရှောင်ရှားဖို့ ဘယ်လောက်အထိအရေးကြီးသလဲဆိုတာ ကျွန်တော်တို့အားလုံး သိထားကြပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ မဲခွဲမှုရလဒ်တွေအရ ကျွန်တော်တို့တွေ ကံမကောင်းခဲ့ပါဘူး”လို့ ပြောပါတယ်။