တော့တင်ဟမ်ကိုသရေကျခဲ့တာ နယူးကာဆယ်အတွက် ကျေနပ်စရာမဟုတ်ဘူးလို့ဆိုလာတဲ့ ဂူမာရေးစ်
နယူးကာဆယ်အသင်းခေါင်းဆောင် ဘရူနိုဂူမာရေးစ်က ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်ကို ၂-၂ နဲ့သရေကျပြီးနောက် အဆိုပါသရေရလဒ်ဟာ အသင်းအတွက် ကျေနပ်စရာမဟုတ်ဘဲ စိတ်ပျက်စရာသာဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ နယူးကာဆယ်ဟာ ပွဲကစားချိန် မိနစ် ၉၀ အထိ တော့တင်ဟမ်ကို ၂-၁ နဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ခရစ်ရှန်ရိုမဲရိုးရဲ့ဘိုင်စကယ်ကန်ချက်ကြောင့် ပွဲကစားချိန် ၉၅ မိနစ်မှာ ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရပြီး အိမ်ကွင်းမှာ သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
နယူးကာဆယ်အတွက်ဦးဆောင်ဂိုးကို ပွဲကစားချိန် ၇၁ မိနစ်မှာ ဂူမာရေးစ်က စတင်သွင်းယူခဲ့ပြီး ရိုမဲရိုးက ၇၈ မိနစ်မှာပြန်လည်ချေပခဲ့ပါတယ်။ ပွဲကစားချိန် ၈၆ မိနစ်မှာရရှိလာတဲ့ပင်နယ်တီမှတစ်ဆင့် တောင်ပံကစားသမား အန်သိုနီဂေါ်ဒွန်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့ပေမယ့် ရိုမဲရိုးကပဲ တော့တင်ဟမ်အတွက် ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ဂူမာရေးစ်က "ဒီပွဲအကြောင်းပြောရတာ ခက်ပါတယ်။ ကျွန်တော်တို့ စိတ်ပျက်စွာနဲ့ကွင်းထဲကနေ ထွက်ခွာခဲ့ရတာပါ။ နောက်ဆုံးမိနစ်မှာဂိုးပေးလိုက်ရတာ တကယ်နာကျင်ရပါတယ်။ အဲဒီဘောလုံးကိုရှင်းထုတ်ဖို့ ဘယ်သူမှမရှိခဲ့ပါဘူး။ ဒါက လက်မခံနိုင်စရာပါ" လို့ပြောကြားခဲ့ပါတယ်။
သူ့ရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီးမေးမြန်းရာမှာတော့ ဘရာဇီးလက်ရွေးစင်က "လှပတဲ့အဆုံးသတ်တစ်ခုလို့ထင်ပါတယ်။ ဒါပေမယ့် အနိုင် ၃ မှတ်သာရမယ်ဆိုရင် ကျွန်တော့်ဂိုးနဲ့ ဒီပွဲမှာကျွန်တော်တို့လုပ်ခဲ့တဲ့အမှားတွေကို ပြန်လဲချင်ပါတယ်။ ဒီနေ့ရလဒ်ကို လုံးဝမကျေနပ်စရာပါ။ ဒါပေမယ့် စနေနေ့မှာကျွန်တော်တို့ နောက်တစ်ပွဲထပ်ကစားရမှာဖြစ်လို့ အပြုသဘောဆောင်တဲ့အချက်တွေကို ဆက်လက်သယ်ဆောင်ပြီး ၃ မှတ်အပြည့်ရဖို့ကြိုးစားသွားရပါမယ်"
"ပွဲပြီးကာနီးမှ ဂိုးတွေပေးနေရတာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီပြဿနာကို ဖြေရှင်းဖို့လိုနေပါပြီ။ နောက်ကျဂိုးတွေခွင့်ပြုရတာ အသင်းအတွက်မကောင်းပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့က ပိုကောင်းပြီး အနိုင်ရလဒ်နဲ့ထိုက်တန်တယ်ဆိုတာ မြင်သာခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ဒီရလဒ်ကို မကျေမနပ်ဖြစ်နေတာပါ" လို့ပြောကြားခဲ့ပါတယ်။