ဘရိုက်တန်နဲ့ပွဲစဉ်အတွက် လီဗာပူးအသင်းလူစာရင်းမှာ ပါဝင်လာတဲ့ မိုဆာလက်
မကြာသေးခင်ကပဲ အငြင်းပွားစရာအင်တာဗျူးအစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပြီးနောက် မိုဆာလက်က ဘရိုက်တန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် လီဗာပူးအသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာပါတယ်။အသက်-၃၃ နှစ်အရွယ်ကစားသမားက အယ်လန်ရုတ်ဒ်မှာ လိဒ်နဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက် အထင်ကရဖြစ်လာမယ့်အင်တာဗျူးအစီအစဉ်တွေအနက် တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
သုံးပွဲဆက်အရန်ခုံထိုင်ခဲ့ရပြီးနောက် မိုဆာလက်က အသင်းရဲ့ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ပိုင်းအတွက် သူဟာ ဓါးစာခံဖြစ်ရတယ်လို့ ဆိုခဲ့ပြီး အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အသင်းမှ ကာလတိုမထွက်ခွာခင် လာမယ့်စနေနေ့၊ ဘရိုက်တန်နဲ့ပွဲစဉ်ကို လီဗာပူးကစားသမားဘဝ၊ နောက်ဆုံးပွဲစဉ်ဖြစ်လာနိုင်တယ်လို့တောင် ဆွေးနွေးခဲ့ပါတယ်။ အကျိုးဆက်အဖြစ် အင်တာမီလန်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်အတွက် အီတလီမြေဆီခရီးဆက်ခဲ့တဲ့ အသင်းလူစာရင်းမှာ မိုဆာလက်ကို မထည့်သွင်းခဲ့ပါဘူး။
အခုတော့ အန်းစလော့က မိုဆာလက်ဆီ နောက်ထပ်အခွင့်အရေးပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဘရိုက်တန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ထည့်သွင်းထားတယ်လို့ The Athletic သတင်းဌာနရဲ့ သတင်းစာဆရာဂျိမ်းစ်ပီယာ့ထံမှ သိရပါတယ်။ ဒီသတင်းမှာပဲ အခုဆုံးဖြတ်ချက်ဟာ အီဂျစ်သားနဲ့ အန်းစလော့အကြား အပြုသဘောဆောင်တဲ့ဆွေးနွေးမှုအပြီး ထွက်ပေါ်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘရိုက်တန်နဲ့ရင်ဆိုင်ပြီးချိန်မှာတော့ မိုဆာလက်က အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အီဂျစ်လက်ရွေးစင်အသင်းဆီ သွားရောက်ပူးပေါင်းပါလိမ့်မယ်။