လီဗာပူးနဲ့လက်မတွဲမီ ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့အခွင့်အရေးရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့တဲ့ မာနေး
လီဗာပူးကြယ်ပွင့်တိုက်စစ်မှူးဟောင်း ဆာဒီယိုမာနေးက သူဟာ လီဗာပူးသို့မပြောင်းရွှေ့မီ ၁ နှစ်အလိုက မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ အခွင့်အရေးရှိခဲ့ကြောင်းဖွင့်ဟပြောကြားလာခဲ့ပြီး ဘာကြောင့် ယူနိုက်တက်ကိုရွေးချယ်ဖို့ ငြင်းပယ်ခဲ့သလဲ ရှင်းပြလာခဲ့ပါတယ်။ ၂၀၁၄-၁၅ ဘောလုံးရာသီအတွင်း မာနေးဟာ ဆောက်သမ်တန်အတွက် ပွဲ ၃၀ ကစားရင်း ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ပြီး ပရီးမီးယားလိဂ်မှာထွန်းတောက်လာခဲ့ကာ လိဂ်မှထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။
ထိုစဉ်က ယူနိုက်တက်ကိုကိုင်တွယ်နေတဲ့ လူးဝစ်ဗန်ဟားလ်က မာနေးကို အစောဆုံးချိတ်ဆက်ခဲ့ပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ မာနေးအနေနဲ့လည်း အစပိုင်းမှာ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ဆန္ဒရှိခဲ့ပေမယ့် ထိုစဉ်ကယူနိုက်တက်မှာကစားနေတဲ့ နာမည်ကျော်တိုက်စစ်မှူးတွေကြောင့် စိတ်ပြောင်းလဲခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
မာနေးက "အဲဒီတုန်းက ယူနိုက်တက်ရဲ့ကမ်းလှမ်းမှု ကိုလက်ခံရရှိခဲ့ပြီး ဗန်ဟားလ်နဲ့ စကားပြောခဲ့ပါတယ်။ ယူနိုက်တက်မှာ အဲ့တုန်းက ရွန်းနီ၊ ဒီမာရီယာ၊ ဗန်ပါစီနဲ့ ဒီပေးတို့ရှိနေပါတယ်။ သူတို့ ကျွန်တော့်ကိုခေါ်ယူဖို့ ညှိနှိုင်းလို့မရတဲ့အခါ အန်တိုနီမာရှယ်ကိုခေါ်ခဲ့ကြပါတယ်"
"ဗန်ဟားလ်က ကျွန်တော့်ကိုဖုန်းဆက်ပြီး နေကောင်းလား၊ ဘာတွေလုပ်နေလဲ မေးပါတယ်။ ပြီးတော့ ကျွန်တော့်ကို ယူနိုက်တက်ကိုလာစေချင်တဲ့အကြောင်းပြောပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့်ရဲ့အေးဂျင့်နဲ့စကားပြောနေကြောင်း သူ့ကိုပြန်ပြောခဲ့ပါတယ်။ သူကပြောတယ် 'မင်းကအရမ်းကောင်းတဲ့ကစားသမားဖြစ်ပြီး ငါတို့ကိုကူညီနိုင်သလို၊ ငါတို့ကလည်း မင်းကိုပိုကောင်းတဲ့ကစားသမားဖြစ်လာအောင် ကူညီပေးနိုင်တယ်' လို့ပြောပါတယ်"
"ကျွန်တော်ကလည်း ခင်ဗျားတို့ဆီမှာ ဒီပေး၊ ရွန်းနီ၊ ဒီမာရီယာနဲ့ ဗန်ပါစီတို့ရှိနေတာ၊ ကျွန်တော်က ဘယ်နေရာမှာကစားရမှာလဲလို့ ပြန်မေးခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်အသင်းကိုပဲပြောင်းပြောင်း ပွဲထွက်ခွင့်ရဖို့ အရေးကြီးပါတယ်။ သူက အသင်းမှာလေ့ကျင့်ခန်းကောင်းကောင်းလုပ်ပြီး တိုးတက်လာရင် ကစားရမယ်လို့ပြောပါတယ်"
"သူရှင်းပြတာကို ကျွန်တော်သဘောမကျခဲ့ပါဘူး။ သူက ကျွန်တော်ကောင်းမှကစားရမယ်လို့ပြောပြီး မကောင်းရင်တော့ မကစားရဘူးလို့ပြောပါတယ်။ ကျွန်တော့်အနေနဲ့အဲဒီအချိန်တုန်းက ပြောရမယ်ဆို အဆင်သင့်မဖြစ်သေးပါဘူး။ ကျွန်တော့်အသက်က ငယ်ငယ်လေးပဲရှိပါသေးတယ်။ ကျွန်တော့်ကို ပိုကောင်းတဲ့ကစားသမားဖြစ်လာဖို့ ကူညီပေးမယ့်လူတွေ လိုအပ်နေတဲ့အချိန်ပါ။ ဆောက်သမ်တန်မှာ ကျွန်တော့်ရဲ့ခြေစွမ်းက တည်ငြိမ်မှုမရှိသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။
မာနေးအနေနဲ့ ထိုစဉ်က ဗန်ဟားလ်နဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့တော့ဖြစ်ပေါ်လာခဲ့ခြင်းမရှိဘဲ ဆောက်သမ်တန်မှာပဲဆက်နေခဲ့ကာ နောက်ရာသီမှ လီဗာပူးသို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။