The network connection is lost.

Banner Image

လေ့ကျင့်ရေးအစီအစဉ်တွေမှာ အာမိုရင် စည်းကမ်းအလွန်တင်းကျပ်ကြောင်း ဖွင့်ဟပြောကြားလာတဲ့ ယိုရို

မန်ချက်စတာယူနိုက်တက်နောက်ခံလူ လန်နီယိုရိုက နည်းပြ ရူဘင်အာမိုရင်ဟာ ကစားသမားတွေရဲ့ အကောင်းဆုံးပုံစံကို ညှစ်ထုတ်ဖို့ကြိုးစားနေတာကြောင့် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေအပေါ်မှာ စည်းကမ်းအလွန်တင်းကျပ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ဒါ့အပြင် ပေါ်တူဂီသားနည်းပြဟာ လေ့ကျင့်ရေးအစီအစဉ်တွေကို အပြည့်အဝမလုပ်ဘဲ အပျင်းကြီးနေတဲ့ကစားသမားတွေကို ဘယ်တော့မှခွင့်မလွှတ်တတ်ကြောင်းကိုလည်း ယိုရိုကပြောကြားခဲ့တာကြောင့် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ချန်လှပ်ခံခဲ့ရမှုဟာ အဆိုပါစည်းကမ်းတွေနဲ့ ဆက်နွယ်နေပုံရပါတယ်။ယခုအခါမှာတော့ ရက်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာပြီး ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ 

ယိုရိုက “ကျွန်တော့်မှာ ရူဘင်အာမိုရင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ သူတောင်းဆိုသမျှကိုပြုလုပ်နိုင်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်။ သူကကစားသမားတွေနဲ့ ပေါင်းတတ်သင်းတတ်တဲ့သူပါ။ အသင်းတွေအများကြီးမှာလည်း အလုပ်လုပ်ခဲ့ဖူးတော့ ရလဒ်မကောင်းတဲ့အချိန်မျိုးတွေမှာ ကစားသမားတွေ ဘယ်လိုခံစားနေရသလဲ သူသိပါတယ်။ ပြီးတော့ ဘယ်လိုစကားပြောရမလဲဆိုတာလည်း သိပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တွေမှာတော့ သူက စည်းကမ်းတင်းကြပ်တယ်ပေါ့။ ဒါပေမယ့် ဒါကလည်း အရေးကြီးလို့ပါ”

“ကျွန်တော်တို့ လေ့ကျင့်ရေးအစီအစဉ်တွေအများကြီးလုပ်ရပါတယ်။ လေ့ကျင့်ရေးအစီအစဉ်က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲထဲမှာကစားရင် လေ့ကျင့်ထားတဲ့အတိုင်းပဲကစားရတာလေ။ အရေးကြီးတာက အရမ်းကောင်းတဲ့လေ့ကျင့်ရေးအစီအစဉ်ကိုပြုလုပ်နိုင်ဖို့ပါ။ အလုပ်မလုပ်ဘဲ လေ့ကျင့်ရေးအစီအစဉ်မှာ အပျင်းကြီးနေမယ်ဆိုရင် သူမကြိုက်ပါဘူး။ အဲဒီလူကို သူသတ်ပစ်ပါလိမ့်မယ်။ ဒါကတော့ ပုံမှန်ပါပဲ။ ဆုဖလားတွေရယူဖို့ရည်ရွယ်ထားတာကြောင့် သူက စည်းကမ်းအရမ်းတင်းကျပ်ထားပါတယ်။ ကွင်းအပြင်မှာကအစ သူက အချိန်တိကျမှကြိုက်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ အာမိုရင်ရဲ့လက်အောက်မှာ ၆ ပွဲသာကစားခဲ့ရပြီး အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ပါရမီရှင်ကစားသမားတစ်ယောက်ဖြစ်ပေမယ့် အာမိုရင်နဲ့တော့ ကောင်းမွန်တဲ့ဆက်ဆံရေးမတည်ဆောက်နိုင်ခဲ့တာကြောင့် အဆုံးမှာ အသင်းကနေထွက်ခွာဖို့ရွေးချယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၀-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ယူနိုက်တက်အနေနဲ့ လာမယ့်စနေနေ့မှာတော့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် လက်စတာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရလဒ်ကို ပြန်လည်ပုံဖော်သွားနိုင်ဖို့ လိုအပ်နေပါတယ်။