The network connection is lost.

Banner Image

အာမိုရင်ရာထူးမှထုတ်ပယ်ခံရတဲ့အတွက် ယူနိုက်တက်မှာ အ‌ပျော်ဆုံးလူက မိုင်နူးဖြစ်လိမ့်မယ်လို့ပြောကြားလာတဲ့ အိုဝင်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အသင်းမှနည်းပြ ရူဘင်အာမိုရင်ထုတ်ပယ်ခံရတဲ့အပေါ် အပျော်ရွှင်ဆုံးလူက ကွင်းလယ်လူ ကိုဘီမိုင်နူးဖြစ်လိမ့်မယ်လို့ ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ လိဒ်ကို ၁-၁ နဲ့သရေကျပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ကြမ်းတဲ့မှတ်ချက်တွေပြုလုပ်ခဲ့တဲ့ အာမိုရင်ကို ယူနိုက်တက်က ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့ပြီး တနင်္လာနေ့မှာပဲ ပေါ်တူဂီသားကို ရာထူးကနေထုတ်ပယ်လိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

ဒါကြောင့် ယခုအခါမှာတော့ အိုဝင်က အာမိုရင်ထုတ်ပယ်ခံလိုက်ရတဲ့အတွက် သူနဲ့အဆင်မပြေမှုတွေရှိခဲ့တဲ့ အသင်းရဲ့ကွင်းလယ်လူကိုဘီမိုင်နူးအနေနဲ့ အတော်လေးပျော်ရွှင်နေလိမ့်မယ်လို့ ထောက်ပြပြောဆိုလာခဲ့တာဖြစ်ပါတယ်။ 
မိုင်နူးအနေနဲ့ အာမိုရင်နဲ့ပတ်သက်ပြီး လူသိရှင်ကြား ဝေဖန်ပြောဆိုမှုတွေမပြုလုပ်ပေမယ့် အာမိုရင်ရဲ့သူ့အပေါ်ဆက်ဆံပုံတွေက အတော်လေး စိတ်နာစရာကောင်းနေခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အသင်းက အာမိုရင်ကိုထုတ်ပယ်လိုက်တဲ့သတင်းမှာ မိုင်နူးက Like ပေးခဲ့တာကြောင့် ဆိုရှယ်မီဒီယာမှာ ပြောစရာတွေဖြစ်ခဲ့ပါတယ်။ 

ယခုအခါမှာ အိုဝင်က "အာမိုရင်ထွက်သွားတဲ့အတွက် မိုင်နူးအနေနဲ့ ယူနိုက်တက်မှာ ကစားခွင့်တွေ ပိုရလာတော့မယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အခုချိန်မှာရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ဖို့လိုပါတယ်။ အခုချိန်က သူ့ကိုယ်သူအားကိုးရမယ့်အချိန်ပါ။ တကယ်လို့ နောက်ထပ်ရောက်လာမယ့်နည်းပြက သူ့ကိုအသုံးမပြုဘူးဆိုရင်တော့ သူက မားကပ်စ်ရက်ရှ်ဖို့ဒ်လိုပဲ ဖြစ်လာပါလိမ့်မယ်"

"အခုလောလောဆယ်မှာတော့ သူက ယူနိုက်တက်ရဲ့အပျော်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အခုကစပြီး သူ့မှာ ပုန်းခိုနေစရာ၊ ဒါမှမဟုတ် ဆင်ခြေပေးစရာမရှိတော့ပါဘူး။ သူ့ကိုအသုံးမပြုခဲ့တဲ့ အာမိုရင် မှားတယ်ဆိုတာကို ကွင်းထဲမှာ သက်သေပြသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 
အာမိုရင် အထုတ်မခံရခင်က မိုင်နူးကို ယူနိုက်တက်ရဲ့အနာဂတ်လို့တင်စားပြီး ဇန်နဝါရီမှာ အငှားချမှာမဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ယခုအခါ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ဖွင့်လှစ်နေပြီဖြစ်လို့ မိုင်နူးအနေနဲ့ အသင်းကနေ ထွက်ခွာချင်တဲ့အကြောင်း ယာယီနည်းပြ ဒါရင်းဖလက်ချာကို တင်ပြသွားမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။