The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ရဲ့စိတ်ဝင်စားမှုတွေရှိခဲ့ပေမယ့် ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့လို့ နောင်တမရကြောင်းပြောကြားလာတဲ့ ယိုရို

မန်ချက်စတာယူနိုက်တက်နောက်ခံလူ လန်နီယိုရိုက သူဟာ ရီးရဲလ်မက်ဒရစ်ရဲ့စိတ်ဝင်စားခြင်းကို ရရှိခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် နောင်တရခြင်းမရှိကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ပြင်သစ်လက်ရွေးစင်နောက်ခံလူဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ ယူနိုက်တက်နည်းပြဟောင်း အဲရစ်တန်ဟက်ရဲ့ခေါ်ယူမှုနဲ့အတူ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းနဲ့ အိပ်မက်ကဇာတ်ရုံသို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။  ယူနိုက်တက်သို့စတင်ရောက်ရှိခဲ့တဲ့ ပထမဆုံးရာသီမှာတော့ ယိုရိုတစ်ယောက် ဒဏ်ရာပြဿနာတွေကြောင့်ရုန်းကန်ခဲ့ရပေမယ့် ယခုနှစ်ရာသီမှာတော့ နည်းပြရူဘင်အာမိုရင်ရဲ့ အားထားရတဲ့နောက်ခံလူတစ်ယောက်အဖြစ်ရပ်တည်ပြီး ခြေစွမ်းပြသထားနိုင်ပါတယ်။ 

လာမယ့်စနေနေ့မှာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ၁-၀ နဲ့အရေးနိမ့်ထားခဲ့တဲ့ တော့တင်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၄-၂၅ ရာသီမှာ ပြိုင်ပွဲစုံ ကျရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၅ နေရာသာရရှိခဲ့ကာ ဖလားလက်မဲ့နဲ့ရာသီသိမ်းခဲ့ရပါတယ်။ 

သို့သော်လည်း ယိုရိုကတော့ ယူနိုက်တက်ကိုရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်အပေါ် နောင်တမရကြောင်း "ကျွန်တော် မက်ဒရစ်ကိုမရွေးချယ်မိခဲ့တဲ့အပေါ် နောင်တမရပါဘူး။ ပြီးခဲ့တဲ့ရာသီတုန်းကတောင် နောင်တမရခဲ့ပါဘူး။ ကျွန်တော် မန်ချက်စတာယူနိုက်တက်အကြောင်းကိုသိပါတယ်။ တစ်ခါတလေမှာ ကစားသမားတွေက ဆိုးဝါးတဲ့ရာသီတွေနဲ့ ကြုံရတတ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ထိပ်တန်းအသင်းတစ်သင်းပါ"

"ဒါကြောင့် ဒီအသင်းကိုပြောင်းရွှေ့ဖို့အတွက် သံသယတောင်မရှိခဲ့ပါဘူး။ ယူနိုက်တက်ကိုရွေးချယ်မိခဲ့လို့ ကျွန်တော်အရမ်းပျော်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ကျွန်တော့်ကိုနောင်တရမယ်လို့ လူတွေထင်ကြပေမယ့် ကျွန်တော်ဒါတွေကို နားလည်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့ကစားသမားဘဝကို ကျွန်တော်ပဲရွေးချယ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

စနေနေ့မှာတော့ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ရာသီက ဥရောပဆုဖလားတစ်လုံး ဆုံးရှုံးခဲ့ရတဲ့ ရှုံးကြွေးကို တော့တင်ဟမ်ရဲ့အိမ်ကွင်းမှာ ပြန်ဆပ်နိုင်သွားမလား စောင့်ကြည့်ရပါမယ်။