ဆက်စ်ကိုရဲ့ဒဏ်ရာအခြေအနေကို အသိပေးပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အသင်းရဲ့တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုရဲ့ဒဏ်ရာအခြေအနေကို အသိပေးပြောကြားလာခဲ့ပြီး ကစားသမားအနေနဲ့ မာဇရာဝီ၊ အာမက်ဒီယာလိုနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ အာဖရိကနိုင်ငံများဖလားသွားရောက်ကစားပြီး အသင်းအတွက်ပြန်လည်ကစားပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ဆက်စ်ကိုဟာ နိုင်ငံတကာပွဲစဉ်တွေမစတင်မီ တော့တင်ဟမ်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးခေါင်းဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကွင်းထဲမှ ထော့နဲ့ ထော့နဲ့ ထွက်ခွာသွားတာကြောင့် ဒဏ်ရာပြင်းထန်မှာကိုပရိသတ်တွေအနေနဲ့ စိုးရိမ်ခဲ့ကြပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ စစ်ဆေးမှုတွေအရ ဒဏ်ရာက ထင်ထားသလောက်ပြင်းထန်ခြင်းမရှိဘူးလို့ သိရပါတယ်။
ဆလိုဗေးနီးယားလက်ရွေးစင်ဟာ အဆိုပါဒဏ်ရာကြောင့်ပဲ လက်ရွေးစင်အသင်းနဲ့ပူးပေါင်းနိုင်ခဲ့ခြင်းမရှိဘဲ မန်ချက်စတာမှာပဲ ဆက်လက်နေထိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကစားသမားဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပြီဖြစ်တာကြောင့် အာမိုရင်က ဒဏ်ရာမပြင်းထန်ကြောင်း အသိပေးလာခဲ့ပါတယ်။
ပေါ်တူဂီသားနည်းပြက "ဆက်စ်ကိုက ရက်သတ္တပတ်အနည်းငယ်တော့အနားယူရပါမယ်။ ဘယ်လောက်ကြာမလဲ အတိအကျမသိရသေးပေမယ့် ဒဏ်ရာက အရမ်းတော့မပြင်းထန်ပါဘူး။ ကျွန်တော်တို့ ဂရုစိုက်ဖို့တော့ လိုအပ်နေပါသေးတယ်။ အခု သူက ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်နေပြီဖြစ်ပြီး အခြေအနေပိုကောင်းလာမယ်လို့ ခံစားရပါတယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ပြန်ကစားနိုင်မှာပါ" လို့ပြောကြားခဲ့ပါတယ်။
သောကြာနေ့နံနက်ကပြုလုပ်ခဲ့တဲ့ ယူနိုက်တက်ရဲ့လေ့ကျင့်ရေးအစီအစဉ်ကိုတော့ ဆက်စ်ကိုသာမက ဟယ်ရီမက်ဂွါရီနဲ့ ကိုဘီမိုင်နူးတို့လည်း လွဲချော်ခဲ့ကြတယ်လို့ သိရပါတယ်။ လာမယ့်တနင်္လာနေ့မှာ ယူနိုက်တက်ဟာ အဲဗာတန်နဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကို မက်ဂွါရီနဲ့ ဆက်စ်ကိုတို့လွဲချော်သွားမှာဖြစ်ပေမယ့် မိုင်နူးကတော့ ပြန်လည်ပါဝင်လာဖွယ်ရှိပါတယ်။
မိုင်နူးနဲ့ပတ်သက်ပြီး အာမိုရင်က "မိုင်နူးက ဒီနေ့လေ့ကျင့်ရေးမလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် မနက်ဖြန်မှာတော့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့ပွဲအပြီး လာမယ့်ရက်သတ္တပတ်တွေမှာတော့ အမ်ဘွေမို၊ အာမက်နဲ့ မာဇရာဝီတို့ဟာ အာဖရိကဖလားပွဲစဉ်တွေကစားရဖို့ရှိလို့ ယူနိုက်တက်မှထွက်ခွာသွားမှာဖြစ်ပြီး ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းက ဆက်စ်ကိုပါဒဏ်ရာရနေလို့ စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ ဖီဖာရဲ့စည်းမျဉ်းစည်းကမ်းတွေအရ လက်ရွေးစင်အသင်းတွေဟာ ကစားသမားတွေကို ပြိုင်ပွဲမစမီ ၂ ပတ်အလိုမှာကတည်းက ဆင့်ခေါ်ခွင့်ရှိနေတာလည်းဖြစ်ပါတယ်။
အာမိုရင်က "ကျွန်တော်တို့ ကစားသမားတွေကို နိုင်ငံအသင်းတွေဆီစေလွှတ်ပေးရမယ့်စည်းမျဉ်းတွေရှိနေပါတယ်။ ကစားသမားတွေကို အသင်းမှာတတ်နိုင်သလောက်ထိန်းထားချင်ပေမယ့် ဒီအခွင့်အရေးက ကျွန်တော်တို့လက်ထဲမှာပဲရှိနေတာမဟုတ်ပါဘူး။ ဒါပေမယ့် အသင်းကိုရော၊ လက်ရွေးစင်ကစားသမားတွေကိုပါ ကာကွယ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။