The network connection is lost.

Banner Image

ကာရစ်က ယူနိုက်တက်အတွက် နည်းပြ‌ကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်လို့ ရော်နယ်ဒို ထောက်ခံ

မန်ချက်စတာယူနိုက်တက်ဟာ ယာယီနည်းပြ ဒါရင်းဖလက်ချာရဲ့နေရာမှာ အစားထိုးဖို့အတွက် အသင်းရဲ့ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေချိန် ကလပ်ကြယ်ပွင့်ဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုက ကာရစ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ နည်းပြကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်လို့ ထောက်ခံပြောကြားလာခဲ့ပါတယ်။ 

သတင်းတွေအရ ယူနိုက်တက်ဟာ ကာရစ်ရဲ့ကိုယ်စားလှယ်တွေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပြီး ဖလက်ချာကို လက်ရှိရာထူးမှရပ်ဆိုင်းကာ ကာရစ်ကိုသာ ရာသီကုန်အထိ နည်းပြအဖြစ်ခန့်အပ်သွားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အိုလီဂန်နာဆိုးလ်ရှား ထုတ်ပယ်ခံရစဉ်က အသင်းကို ယာယီကိုင်တွယ်ခဲ့တဲ့ ကာရစ်လက်အောက်မှာ ယူနိုက်တက်အတွက် ကစားပေးခဲ့ဖူးပြီး ထိုစဉ်က ပေါ်တူဂီသားဟာ ၃ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ 

ထိုစဉ်က ကာရစ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ရော်နယ်ဒိုက "မိုက်ကယ်ကာရစ်က ကစားသမားဘဝမှာ အဆင့်အတန်းမြင့်မားတဲ့ ထိပ်တန်းကစားသမားဖြစ်သလို၊ တစ်ချိန်မှာ နည်းပြကောင်းတစ်ယောက်ဖြစ်လာမှာသေချာပါတယ်။ ဒီလိုလူအတွက် မဖြစ်နိုင်ဘူးဆိုတာ ဘယ်အရာမှမရှိပါဘူး။ သူနဲ့အတူတူ အသင်းဖော်အဖြစ်ရော၊ သူ့ရဲ့ကစားသမားအဖြစ်ပါ ဘေးနားမှာရှိနိုင်ခဲ့လို့ဂုဏ်ယူပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ကနဦးက ဖလက်ချာကို ရာသီကုန်အထိခန့်အပ်ဖို့ စီစဉ်ခဲ့သေးပေမယ့် စကော့တလန်သားဟာ ၂ ပွဲကိုင်တွယ်ရာမှာ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်ကိုသာ ရရှိခဲ့တာကြောင့် နည်းပြအပြောင်းအလဲပြုလုပ်ဖို့ ပြင်ဆင်ခဲ့ရတာဖြစ်ပါတယ်။ 

ယခင်က မစ်ဒယ်ဘရော့နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ ကာရစ်ဟာ ယခုအခါမှာတော့ ယူနိုက်တက်ကိုဦးဆောင်သွားဖို့ သေချာသလောက်ဖြစ်နေပြီး ရာသီကုန်မှာ အသင်းရဲ့နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ဥရောပဝင်ခွင့်တစ်နေရာကို အရယူပေးသွားရမှာဖြစ်ပါတယ်။