ဝုဗ်နဲ့ပွဲကိုလွဲချော်ခဲ့တဲ့ နောက်ခံလူ ဒီလစ်ချ်ရဲ့ဒဏ်ရာအခြေအနေကို အာမိုရင်အသိပေး
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အင်္ဂါနေ့နံနက်က ဝုဗ်ကို ၁-၄ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ အသင်းရဲ့ဗဟိုနောက်ခံလူ ဒီလစ်ချ်ရဲ့အခြေအနေကို ထုတ်ဖော်အသိပေးလာခဲ့ပါတယ်။ နယ်သာလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့အပတ်က ဝက်စ်ဟမ်းကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်ကိုလည်း ဒဏ်ရာကြောင့်လွဲချော်ခဲ့တာဖြစ်ပြီး ယခုအခါမှာ ၂ ပွဲဆက်မပါဝင်နိုင်တာလည်းဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာတော့ အာမိုရင်က ဒီလစ်ချ်ဟာ အသေးစားဒဏ်ရာပြဿနာကြောင့် အနားယူနေကြောင်းနဲ့ ဝုဗ်နဲ့ပွဲမှာ ပြန်လည်ပါဝင်ကစားနိုင်ဖို့မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
သို့သော်လည်း ယခုအခါမှာ အာမိုရင်ပြောသလိုဖြစ်မလာခဲ့ဘဲ ကစားသမားဟာ ဝုဗ်နဲ့ပွဲစဉ်ကိုပါ ထပ်မံလွဲချော်ခဲ့တာဖြစ်ပါတယ်။ ဝုဗ်ကိုအနိုင်ရပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က "သူဘယ်ချိန်ပြန်ကစားနိုင်မလဲ ကျွန်တော်မသိသေးပါဘူး။ စောင့်ကြည့်ဖို့လိုနေပါသေးတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကျွန်တော်မပြောနိုင်သေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဒီလစ်ချ်မပါဝင်နိုင်ချိန် ယူနိုက်တက်ရဲ့ဗဟိုခံစစ်နေရာမှာ လူငယ်ကစားသမားလေး အဒန်ဟဲဗန်းက အစားထိုးဝင်ရောက်ကစားခဲ့ပြီး ညာနောက်ခံနေရာမှာ မာဇရာဝီကို နေရာချခဲ့ပါတယ်။ လုခ်ရှောကတော့ ပုံမှန်အတိုင်း ဘယ်နောက်ခံနေရာမှာရှိနေခဲ့ပြီး ဒုတိယပိုင်းမှာ အာမိုရင်က ဟဲဗန်းနဲ့ မာဇရာဝီတို့ကို လန်နီယိုရို၊ လီဆန်ဒရိုမာတီနက်ဇ်တို့နဲ့ အတွဲလိုက်လူစားလဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ဒူးဒဏ်ရာရရှိခဲ့တဲ့ မာတီနက်ဇ်ဟာ ယခုအခါမှာ ပြန်ကစားနိုင်ပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၂ ပတ်က ခရစ္စတယ်ပဲလေ့စ်ကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ကတည်းက အရန်စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။