The network connection is lost.

Banner Image

မိုင်နူးက ဘောလုံးလောကရဲ့ ခက်ခဲကြမ်းတမ်းမှုကို သင်ယူနေရတယ်လို့ ပြောကြားလာတဲ့ ဘာဘာတော့ဗ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာဘာဘာတော့ဗ်က လက်ရှိအသင်းမှာနေရာရဖို့ ရုန်းကန်နေရတဲ့ လူငယ်ကွင်းလယ်လူ ကိုဘီမိုင်နူးဟာ နည်းပြရူဘင်အာမိုရင်ရဲ့လက်အောက်မှာ ဘောလုံးလောကရဲ့ ခက်ခဲကြမ်းတမ်းမှုကို သင်ယူနေရတယ်လို့ ပြောကြားလာခဲ့ပါတယ်။

မိုင်နူးဟာ ယခု ၂၀၂၅-၂၆ ရာသီမှာ ယူနိုက်တက်အတွက်ပါဝင်ကစားနိုင်ဖို့ အတော်လေးရုန်းကန်နေရတာဖြစ်ပြီး အသင်းမှာ ကစားသမားရဲ့အခန်းကဏ္ဍဟာ သိသိသာသာလျော့နည်းလာခဲ့တာလည်းဖြစ်ပါတယ်။ မိုင်နူးကိုနေရာမပေးမှုနဲ့ပတ်သက်ပြီး နည်းပြအာမိုရင်ကလည်း အင်္ဂလန်သားဟာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်နဲ့ နေရာအတွက်ယှဉ်ပြိုင်သွားရမယ်လို့ပြောကြားထားတာဖြစ်ပါတယ်။
 
ဒါကြောင့် ဒဏ်ရာပြဿနာကြုံတွေ့ရလေ့မရှိတဲ့ ဖာနန်ဒက်စ်ရဲ့နေရာမှာ မိုင်နူးအနေနဲ့ အစားထိုးဝင်ရောက်နိုင်ဖို့အတွက်တော့ ခက်ခက်ခဲခဲစောင့်ဆိုင်းသွားရဖွယ်ရှိပါတယ်။ မိုင်နူးဟာ စက်တင်ဘာလက မန်စီးတီးနဲ့ပွဲစဉ်မှာ ပွဲကစားချိန် ၂၈ မိနစ်သာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် အဆိုပါပမာဏဟာ စက်တင်ဘာလနောက်ပိုင်းကနေ အခုချိန်အထိ မိနစ်အများဆုံးပါဝင်ကစားခွင့်ရတာလည်းဖြစ်ပါတယ်။ 

ယခုအခါမှာ အင်္ဂလန်ကြယ်ပွင့်ဟာ ယူနိုက်တက်ရဲ့နောက်ဆုံး ၃ ပွဲမှာ အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ပေမယ့် လူစားလဲဝင်ရောက်ခွင့်မရခဲ့သလို၊ ပြီးခဲ့တဲ့စနေနေ့က တော့တင်ဟမ်နဲ့ပွဲစဉ်ကိုလည်း ဒဏ်ရာကြောင့် လွဲချော်ထားခဲ့ပါတယ်။ လာမယ့်လမှာစတင်ယှဉ်ပြိုင်သွားမယ့် အာဖရိကဖလားပြိုင်ပွဲသို့ ယူနိုက်တက်ရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဘရိုင်ယန်အမ်ဘွေမို၊ အာမက်ဒီယာလိုနဲ့ မာဇရာဝီတို့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ မိုင်နူးအနေနဲ့ နေရာပြန်ရနိုင်တယ်လို့ ပရိသတ်တွေကမျှော်လင့်ထားကြပေမယ့် ကစားသမားဟာ ဇန်နဝါရီမှာ အသင်းကနေထွက်ခွာသွားနိုင်တယ်လို့လည်း ထင်ကြေးပေးမှုတွေရှိနေပါတယ်။ 

မိုင်နူးနဲ့ပတ်သက်ပြီး ဘာဘာတော့ဗ်က "ဒါက တက်သစ်စလူငယ်ကစားသမားတစ်ဦးအတွက် အရမ်းကိုခက်ခဲတဲ့အခြေအနေပါ။ ဒီလိုအခြေအနေက ဘောလုံးလောကဟာ တစ်ခါတလေမှာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ကြုံတွေ့ရတတ်တယ်ဆိုတာကို ပြသလိုက်သလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ မိုင်နူးက ခြေစွမ်းတောက်လျှောက်ကောင်းလာပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာပါရွေးချယ်ခံခဲ့ရပေမယ့် ရုတ်တရက်ဆိုသလိုပဲ အရန်ကစားသမားဖြစ်လာခဲ့ပါတယ်"

"ဒါကြောင့် သူ့အနေနဲ့ အသင်းမှာပဲ သည်းခံပြီး ဆက်နေသွားမလား နေရာအတွက် အခြားအသင်းကို ပြောင်းရွှေ့သွားမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ကျွန်တော်ကတော့ သူ့ကို ကစားခွင့်ရစေချင်ပါတယ်။ သူ့မှာအရည်အချင်းတွေရှိနေတယ်ဆိုတာ လူတိုင်းသိပါတယ်။ သူ့အသက်အရွယ်နဲ့ ဘောလုံးကိုပိုင်ပိုင်နိုင်နိုင်ကိုင်ကစားတတ်တဲ့ အရည်အချင်းက ကစားသမားတိုင်းမှာမရှိပါဘူး။ ဒါပေမယ့် ယူနိုက်တက်မှာဆိုရင်တော့ သူ့အနေနဲ့ ပွဲထွက်ခွင့်ရဖို့ လမ်းမမြင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။