The network connection is lost.

Banner Image

ပြီးခဲ့တဲ့ရာသီ၊ ဇန်နဝါရီဈေးကွက်မှာ အောင်မြင်မှုရရှိခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ အူနိုင်းအမ်မရီဝန်ခံ

အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက လာမယ့်ဇန်နဝါရီဈေးကွက်မှာလည်း နောက်တစ်ကြိမ် တက်တက်ကြွကြွပါဝင်လှုပ်ရှားသွားနိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဇန်နဝါရီဈေးကွက်မှာ အက်စတွန်ဗီလာက မားကပ်စ်ရက်ရှ်ဖို့ဒ်၊ အဆန်စီယိုနဲ့ ဒီဆာစီတို့လို ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် အမ်မရီက “ အမှန်ပါပဲ၊ ကျွန်တော်တို့တွေ ဈေးကွက်မှာ ပါဝင်လှုပ်ရှားဖို့ လမ်းဖွင့်ထားပြီး ကလပ်အသင်းကိုယ်တိုင်လည်း ဒီလုပ်ငန်းဆောင်တာတွေအတွက် စတင်လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ တကယ်အံ့သြစရာကောင်းခဲ့ပါတယ်။ မာလန်၊ ရက်ရှ်ဖို့ဒ်၊ အဆန်စီယိုနဲ့ ဒီဆာစီတို့လို ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့တယ်။ ဒီကစားသမားလေးဦးက ကျွန်တော်တို့ဆီ ပူးပေါင်းလာပြီး အကူအညီတွေ အများကြီးပေးခဲ့ပါတယ်။

ဒီနှစ်မှာလည်း အသင်းလူစာရင်းပိုင်းတိုးတက်လာဖို့နဲ့ လိုအပ်လာရင် ဘယ်လိုလုပ်သွားမလဲဆိုတာ ဂရုစိုက်ထားနိုင်ဖို့အတွက် ကျွန်တော်တို့တွေ အဆင်သင့်ဖြစ်နေရပါမယ်”လို့ ပြောပါတယ်။ နွေရာသီဈေးကွက်မှာ အက်စတွန်ဗီလာက ဂတ်ဆန့်နဲ့ ဘီဇော့တို့ကိုခေါ်ယူဖို့ ပေါင် ၂၆ သန်းသာ သုံးစွဲခဲ့ပြီး ဆန်ချိုနဲ့ အီလီယော့တို့ကိုမူ အငှားဖြင့် ခေါ်ယူခဲ့ပါတယ်။