ဗီလာကြယ်ပွင့် မော်ဂန်ရော်ဂျာစ်ကို နာမည်ကြီးနေရုံနဲ့ မခေါ်ယူသင့်ကြောင်း ယူနိုက်တက်ကို ဒွိုက်ယော့ခ် သတိပေး
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ဒွိုက်ယော့ခ်က အသင်းအနေနဲ့ ယခုနှစ်ရာသီမှာ နာမည်ကျော်ကြားလာပြီး ထိပ်တန်းကလပ်တွေရဲ့ပစ်မှတ်ဖြစ်လာတဲ့ အက်စတွန်ဗီလာတိုက်စစ်ကြယ်ပွင့် မော်ဂန်ရော်ဂျာစ်ကို လောလောဆယ်မှာနာမည်ကြီးလာရုံနဲ့ လာမယ့်နွေရာသီမှာ မခေါ်ယူသင့်ကြောင်း သတိပေးပြောကြားလာခဲ့ပါတယ်။
အသက်-၂၃ နှစ်အရွယ်သာရှိသေးတဲ့ ရော်ဂျာစ်ဟာ ယခုရာသီမှာ အက်စတွန်ဗီလာရဲ့တိုက်စစ်ထောက်တိုင်တစ်ခုဖြစ်နေပြီး ပြိုင်ပွဲစုံ ၇ ဂိုးသွင်းဂိုး ဂိုးဖန်တီးမှု ၅ ကြိမ်အထိပြုလုပ်ထားနိုင်တာလည်းဖြစ်ပါတယ်။ အူနိုင်းအမ်မရီရဲ့ဦးဆောင်မှုနဲ့အတူ ထွန်းတောက်လာခဲ့တဲ့ ရော်ဂျာစ်ဟာ ဗီလာကို အမှတ်ပေးဇယား ထိပ်ဆုံး ၃ နေရာအထိအရောက်ပို့ပေးထားနိုင်ပြီး အရေးပါတဲ့သွင်းဂိုးတွေကိုလည်း ပုံမှန်သွင်းယူပေးနေတာဖြစ်ပါတယ်။
အဆိုပါ အင်္ဂလန်ကြယ်ပွင့်ကို ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့က စောင့်ကြည့်မှုတွေပြုလုပ်နေသလို၊ တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ကလည်း လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့အတွက် စိတ်ဝင်စားနေတာဖြစ်ပါတယ်။
ယခုအခါမှာတော့ ဒွိုက်ယော့ခ်က ယူနိုက်တက်အနေနဲ့ ဈေးကွက်ထဲမှာ အခုမှနာမည်ကြီးလာတဲ့ ရော်ဂျာစ်လိုကစားသမားမျိုးကို မခေါ်ယူင့်ကြောင်း "ယူနိုက်တက်မှာ ကစားသမားသစ်ခေါ်ယူဖို့ ပစ်မှတ်တွေရှိနေပေမယ့် မော်ဂန်ရော်ဂျာစ်က ဘာကြောင့်ထိပ်ဆုံးမှာရှိနေတာလဲဆိုတာ ကျွန်တော်သိပါတယ်။ သူက လောလောဆယ်မှာ အရမ်းလူကြိုက်များနေပြီး အသင်းတိုင်းရဲ့စိတ်ဝင်စားမှုကိုခံနေရတာကြောင့်ပါ"
"ကျွန်တော်ကတော့ ကစားသမားတစ်ယောက်နဲ့ပတ်သက်ပြီးသူ့ရဲ့အချက်အလက်တွေမြင်တွေ့ရရုံနဲ့ သိပ်ပြီး အယုံအကြည်မရှိပါဘူး။ ကစားသမားတစ်ယောက်ရဲ့ စိတ်ဓာတ်ပိုင်းကိုလည်း နက်နက်ရှိုင်းရှိုင်းဝင်ကြည့်လေ့ရှိပါတယ်။ ရော်ဂျာစ်အနေနဲ့ ယူနိုက်တက်လိုအသင်းမှာ အမှန်တကယ် တာဝန်အပြည့်အဝယူပြီးကစားနိုင်ပါ့မလားဆိုတာ စဉ်းစားရမယ့်အချက်ပါ" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ရော်ဂျာစ်ကိုခေါ်ယူလိုပါက ချဲလ်ဆီးနဲ့ အပြင်းအထန်ပြိုင်ဆိုင်သွားရဖွယ်ရှိတယ်လို့လည်း သတင်းတွေကဆိုပါတယ်။ ချဲလ်ဆီးဟာ အဆိုပါကစားသမားကိုခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း ၁၀၀ ကျော်အထိ အကုန်ကျခံကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့သိရပါတယ်။
လက်ရှိအချိန်မှာတော့ အက်စတွန်ဗီလာဟာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ထက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပိုမိုအခြေအနေကောင်းနေတာကြောင့် ရော်ဂျာစ်အနေနဲ့ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပါ့မလားဆိုတာကလည်း မေးခွန်းတစ်ခုအနေနဲ့ ကျန်ရှိနေဆဲဖြစ်ပါတယ်။