The network connection is lost.

Banner Image

ပဲလေ့စ်နဲ့ပွဲအပြီးမှာ ယိုရိုကိုဘာပြောခဲ့သလဲ ဖွင့်ဟလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က ခရစ္စတယ်ပဲလေ့စ်ကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်အသင်းကို ပင်နယ်တီပြစ်ဒဏ်ဘောရစေခဲ့တဲ့ နောက်ခံလူလန်နီယိုရိုဟာ အတော်လေးစိတ်ပျက်နေကြောင်းနဲ့ သူ့အနေနဲ့ ကစားသမားကိုဘာပြောခဲ့သလဲ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

တနင်္ဂနွေနေ့ကယှဉ်ပြိုင်ခဲ့တဲ့အဆိုပါပွဲစဉ်မှာ ယိုရိုရဲ့အမှားမှတစ်ဆင့် ခရစ္စတယ်ပဲလေ့စ်က ပင်နယ်တီပြစ်ဒဏ်ဘောရခဲ့ပြီး ဂျင်းဖီးလစ်ပ်မာတီတာကသွင်းယူခဲ့တာကြောင့် ယူနိုက်တက်ကို ၁-၀ နဲ့စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက်ချေပဂိုးနဲ့အနိုင်ဂိုးတွေကို ဂျိူရှူးဝါးဇက်ခ်ဇီနဲ့ မေဆင်မောင့်တို့ကပြန်သွင်းယူပေးခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ နိုင်ပွဲရခဲ့ပေမယ့် မီဒီယာတွေရဲ့ ယိုရိုအပေါ်အာရုံစိုက်မှုတွေကတော့ လျော့ကျသွားခဲ့ခြင်းမရှိပါဘူး။ 

နည်းပြရူဘင်အာမိုရင်က ယိုရိုကို မာဇရာဝီနဲ့လူစားလဲလိုက်တဲ့အခါမှာတော့ တီဗီကင်မရာက အရန်ခုံပေါ်ရောက်သွားတဲ့ယိုရိုကို ဆက်တိုက်ပြသခဲ့ပြီး ပြင်သစ်သားဟာ သူ့ရဲ့အမှားအတွက်စိတ်ပျက်နေခဲ့ပုံပေါ်ပါတယ်။ ယခုအခါ သတင်းစာရှင်းလင်းပွဲမှာတော့ အာမိုရင်က "ကျွန်တော်သူနဲ့စကားပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက အရမ်းအတွေးလွန်နေလို့ပါ။ ပွဲထဲမှာသာမန်အမှားတစ်ခုလုပ်ခဲ့ပေမယ့် သူကအရမ်းငယ်သေးတော့ စိတ်ပျက်သလိုဖြစ်နေပါတယ်။ သူ့အနေနဲ့ အမှားမရှိဘဲ အရာရာကိုအကောင်းဆုံးလုပ်ချင်နေတော့ သူ့အမှားကိုအကြီးကြီးလို့မြင်နေတာပါ"

"သူ့မှာတိုးတက်မှုတွေရှိပါတယ်။ ဒါပေမယ့် လက်ရှိအသင်းရဲ့အခြေအနေအရ သူ့အတွက်မလွယ်ကူတာတွေရှိပါတယ်။ အရန်ခုံမှာစိတ်ပျက်နေတဲ့သူ့ရဲ့ပုံစံကိုလည်း မပြသင့်ပါဘူး။ ဒါပေမယ့် အကောင်းဘက်ကြည့်မယ်ဆိုရင် သူက အသင်းအတွက်ဂရုစိုက်တယ်ဆိုတာ မြင်သာခဲ့ပါတယ်။ သူ့ရဲ့အကောင်းဆုံးပွဲတော့မဟုတ်ခဲ့ပေမယ့် သူတတ်နိုင်သလောက်အသင်းကိုကူညီပေးခဲ့ပါတယ်။ သူ့မှာကြံ့ခိုင်မှုအပြည့်အဝရှိနေလို့ နောက်လာမှာပွဲအတွက်အဆင်သင့်ရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ကြာသပတေးနေ့မှာယူနိုက်တက်ဟာ ဝက်စ်ဟမ်းကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်သွားမလား စောင့်ကြည့်ရပါမယ်။