ယူနိုက်တက်ကို ကိုင်တွယ်ရမယ်လို့ အိပ်မက်တောင်မမက်ခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ ဖလက်ချာ
ရူဘင်အာမိုရင်ထွက်ခွာသွားပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကို ယာယီကိုင်တွယ်ခွင့်ရထားတဲ့ နည်းပြဒါရင်းဖလက်ချာက သူ့အနေနဲ့ အသင်းကို နည်းပြတစ်ယောက်အနေနဲ့ ကိုင်တွယ်ခွင့်ရမယ်လို့ အိပ်မက်တောင်မမက်ခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ လိဒ်ကို ၁-၁ နဲ့သရေကျပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ကြမ်းတဲ့မှတ်ချက်တွေပြုလုပ်ခဲ့တဲ့ အာမိုရင်ကို ယူနိုက်တက်က ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့ပြီး တနင်္လာနေ့မှာ ပေါ်တူဂီသားကို ရာထူးကနေထုတ်ပယ်လိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။
ထို့နောက်မှာတော့ ယူနိုက်တက်ဟာ နည်းပြသစ်အတွက် ရှာဖွေမှုတွေပြုလုပ်ထားပေမယ့် လောလောဆယ်မှာတော့ ယူ-၁၈ အသင်းကိုကိုင်တွယ်နေတဲ့ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမားဟောင်း ဖလက်ချာကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။ လာမယ့်ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဖလက်ချာက ယူနိုက်တက်နည်းပြအဖြစ် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်ကိုဦးဆောင်နေရခြင်းနဲ့ပတ်သက်ပြီး ဖလက်ချာက "ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းအဖြစ်အပျက်တွေက တကယ်ကိုမယုံနိုင်စရာပါပဲ။ မန်ချက်စတာယူနိုက်တက်အသင်းကိုဦးဆောင်ရတာ တကယ်ကိုကြီးမားတဲ့ ဂုဏ်ယူစရာပါ။ ကျွန်တော့်အနေနဲ့ အသင်းကို ဦးဆောင်ရမယ်လို့ အိပ်မက်တောင်မမက်ခဲ့ဖူးပါဘူး။ ကျွန်တော်ထင်ခဲ့တာက ကျွန်တော်ကဒီအသင်းမှာကစားနိုင်ဖို့နဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ ဆက်ရှိနေဖို့ပါပဲ"
"ဒါပေမယ့် အသင်းကိုဦးဆောင်ရမယ်ဆိုရင် အရမ်းဂုဏ်ယူရပြီးတော့ ဒါက ကျွန်တော်ဂုဏ်ယူစွာလုပ်ဆောင်မယ့် အလုပ်တစ်ခုပါ။ အခုလို အာမိုရင်ထုတ်ပယ်ခံလိုက်ပြီးမှ ရုတ်တရက်နည်းပြအဖြစ်တာဝန်ယူရတာဆိုတော့ ကျွန်တော့်အတွက် စိတ်ထဲမှာတစ်မျိုးကြီးခံစားရပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာလုပ်စရာအလုပ်တွေရှိနေလို့ မနက်ဖြန်ပွဲအတွက် အကောင်းဆုံးပြင်ဆင်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဖလက်ချာဟာ ယူနိုက်တက်မှာ ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အထိ အသင်းရဲ့အားကစားဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ယခုအခါမှာတော့ နည်းပြချုပ်အဖြစ် ပထမဆုံးအကြိမ် ဦးဆောင်သွားတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြရာထူးကို အမြဲတမ်းရယူလိုသလားဆိုတဲ့မေးခွန်းကိုတော့ ဖလက်ချာက "ရိုးရိုးသားသားပြောရရင် ကျွန်တော်ဒါကို မစဉ်းစားရသေးပါဘူး။ လောလောဆယ်မှာ ကျွန်တော်အာရုံစိုက်နေတာ ဘန်လေနဲ့ပွဲအတွက်ပါ။ အရာအားလုံးက မြန်မြန်ဆန်ဆန်နဲ့ဖြစ်ပျက်သွားတာမို့ ကျွန်တော့်ရဲ့အာရုံနဲ့ ကြိုးစားအားထုတ်မှုတွေအားလုံးကို ဘန်လေနဲ့ပွဲအတွက်ပဲ အသုံးချသွားပါမယ်" လို့ဖြေကြားခဲ့ပါတယ်။