ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ဝယ်ယူမှာဖြစ်ကြောင်း ယူနိုက်တက်ကို ဘာစီလိုနာအသိပေး
ဘာစီလိုနာဟာ ယခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးမယ့် တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်ထံပြန်လည်စေလွှတ်ခြင်းမရှိဘဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း အသိပေးမှုတွေပြုလုပ်လာခဲ့ပါတယ်။ အသက်-၂၈ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နွေရာသီက အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာလာခဲ့ပြီး ဟန်ဆီဖလစ်ခ်ဦးဆောင်နေတဲ့ ဘာစီလိုနာထံ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကိုပြန်လည်ရရှိနေပြီဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟာ ယခုရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၂၆ ပွဲကစားပြီး ၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ သောမတ်စ်တူချယ်လ်ဦးဆောင်တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပြန်လည်ရွေးချယ်ခံထားရပြီး လာမယ့်နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အခွင့်အရေးရနေပါတယ်။
နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ လက်ရှိအချိန်မှာ ဘာစီလိုနာဟာ ရက်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်တွေကို အတော်လေးအားရကျေနပ်တောကြောင့် ရာသီကုန်ဆုံးချိန်မှာလည်း အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်စေလွှတ်ခြင်းမရှိဘဲ အပြီးသတ်ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
ဘာစီလိုနာအနေနဲ့ ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ဝယ်ယူဖို့အတွက် စာချုပ်ပါသဘောတူညီချက်တွေအရ ရာသီကုန်မှာ ယူနိုက်တက်ထံ ပေါင်သန်း ၃၀ အထိပေးချေသွားရမှာဖြစ်ပေမယ့် အဆိုပါဈေးနှုန်းကိုလျှော့ချလိုတာကြောင့် လာမယ့်လတွေမှာ ယူနိုက်တက်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားဖွယ်ရှိပါတယ်။