The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိပြီးနောက် အာဆင်နယ်အသင်း ဝင်ငွေစံချိန်သစ်တင်ရန် ရှိနေ

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် လိဂ်ရဲ့ဝင်ငွေစံချိန်တွေကို ချိုးဖျက်ဖို့ လမ်းကြောင်းပေါ် ရောက်ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ (မေလ ၁၉ ရက်) က ကစားခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းက ဘုန်းမောက်ကို အနိုင်မရရှိခဲ့တာကြောင့် အာဆင်နယ်ဟာ ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို တရားဝင် ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အာဆင်နယ်အတွက် ဒီရာသီက အဆုံးမသတ်သေးပါဘူး။ မိုင်ကယ် အာတီတာရဲ့ အသင်းဟာ လာမယ့် မေလ ၃၀ ရက်နေ့မှာ PSG အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားဖို့ ရှိနေတာကြောင့် ဒီရာသီကို ပိုပြီး မှတ်တမ်းကောင်းတွေနဲ့ အဆုံးသတ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

The Times သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းအနေနဲ့ အဆိုပါ ပြင်သစ်ကလပ်ကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ဒီရာသီမှာ စုစုပေါင်းဝင်ငွေ ပေါင် ၇၇၀ သန်းအထိ ရရှိပြီး စံချိန်သစ် တင်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတင် ပေါင် ၇၆၀ သန်း ရရှိဖို့ သေချာနေပြီဖြစ်တဲ့အတွက် ၂၀၂၃-၂၄ ရာသီက မန်စီးတီးအသင်း တင်ထားတဲ့ ပေါင် ၇၁၅ သန်း စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီလို စံချိန်တင် ဝင်ငွေတွေကြောင့် အာဆင်နယ်အသင်းဟာ ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းစာရင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ နောက်ကွယ်၊ တတိယနေရာအထိ တက်လှမ်းလာနိုင်ဖွယ် ရှိနေပါတယ်။