ပရီးမီးယားလိဂ်ကွင်းလယ်လူသစ်ကိုခေါ်ယူဖို့ အသင်းအတွင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပြီးတဲ့နောက်မှာ လာမယ့်နွေရာသီ အပြောင်းအရွှေ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင်နေပြီဖြစ်ပြီး နည်းပြ မိုက်ကယ်ကားရစ်ကလည်း ကွင်းလယ်ပိုင်းအတွက် အဓိကထားပြီး ခေါ်ယူချင်တဲ့ ကစားသမားစာရင်းကို ပြုစုနေပါတယ်။
လာမယ့်လမှာ ကက်စီမီရို အသင်းကနေ ထွက်ခွာတော့မှာက အားလုံးကြားမှာ ပြောစရာဖြစ်နေပါတယ်။ ဒီဘရာဇီးလ်ကစားသမားဟာ ယူနိုက်တက်ရဲ့ ပရီမီယာလိဂ်အောင်မြင်မှုတွေအတွက် မရှိမဖြစ် အရေးပါသူဖြစ်ခဲ့ပြီး ဒီရာသီမှာ အသင်းအတွက် သွင်းဂိုး ၉ ဂိုးအထိတောင် ထည့်သွင်းပေးထားနိုင်ခဲ့သူပါ။
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့နေရာမှာ အစားထိုးဖို့ လူသစ်တစ်ယောက် လိုအပ်နေပြီး အသင်းအနေနဲ့ ရွေးချယ်စရာ လမ်းစအချို့လည်း ရှိနေပါတယ်။ အတွေ့အကြုံရှိတဲ့ ဆန်ဒရိုတိုနယ်လီ၊ အော်ရီလီယန်ချူအာမေးနီတို့ကို ခေါ်ယူမလား၊ ဒါမှမဟုတ် အလားအလာပိုကောင်းတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ အဲလက်စ်စကော့၊ ကားလို့စ်ဘာလီဘာနဲ့ အာဒမ်ဝှာတန်တို့ကို ရွေးချယ်မလားဆိုတာ စဉ်းစားနေကြတာ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ကွင်းလယ်ပစ်မှတ်တွေအကြောင်း အသေးစိတ်ဖော်ပြခဲ့တဲ့ The Athletic ရဲ့ သတင်းထောက်တွေဖြစ်တဲ့ လော်ရီဝှစ်ဝဲလ်နဲ့ မာ့ခ်ကာရေးတို့ရဲ့ အဆိုအရ ဘုန်းမောက်အသင်းကနေ အဲလက်စ်စကော့ကို ခေါ်ယူဖို့ ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲဆိုတာကို အသင်းအတွင်းမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပရီမီယာလိဂ်ရဲ့ အကောင်းဆုံးလူငယ်ကွင်းလယ်လူတစ်ယောက်အဖြစ် ပေါ်ထွက်လာပြီး နည်းပြ အန်ဒိုနီအီရော်လာရဲ့ "အံ့ဩစရာကောင်းလောက်အောင် တော်သူ" လို့ ချီးကျူးမှုကို ခံထားရတဲ့ အဲလက်စ်စကော့ဟာ ထူးချွန်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ကားရစ်ရဲ့ ကွင်းလယ်ပိုင်းအတွက် လိုအပ်နေတဲ့ မကုန်ခမ်းနိုင်တဲ့ စွမ်းအင်တွေနဲ့ ဖန်တီးမှုတွေကို ဖြည့်ဆည်းပေးနိုင်မယ့်သူလည်း ဖြစ်ပါတယ်။
အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ အဲလက်စ်စကော့ဟာ ဘုန်းမောက်အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပဝင်ခွင့်ရအောင် ကူညီပေးထားပါတယ်။ အကယ်၍ ရာသီပိတ်ပွဲစဉ်မှာ အက်စတွန်ဗီလာက အဆင့် ၅ နဲ့သာ အဆုံးသတ်ခဲ့မယ်ဆိုရင် သူတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
တကယ်လို့သာ အဲဒီအတိုင်း ဖြစ်လာခဲ့ရင် ဒီအင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ တန်ဖိုးက အဆမတန် မြင့်တက်သွားမှာ သေချာပါတယ်။ သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ် ဇွန်လအထိ ကျန်ရှိနေသေးတာကြောင့် ဘုန်းမောက်အသင်းအနေနဲ့လည်း အပြောင်းအရွှေ့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရတော့မှာ ဖြစ်ပါတယ်။