မန်စီးတီးနောက်ခံလူဂျွန်စတုန်းစ်ကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စီစဉ်နေတဲ့ ဘိုင်ယန်မြူးနစ်
မန်စီးတီးအသင်းမှ မကြာခင်ထွက်ခွာတော့မယ့် နောက်ခံလူဂျွန်စတုန်းစ်ကို ခေါ်ယူနိုင်ရေး အံ့အားသင့်ဖွယ်ကြိုးပမ်းသွားဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်း ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၃၁ နှစ်အရွယ်ဂျွန်စတုန်းစ်က အဲဗာတန်မှ မန်စီးတီးဆီ ပြောင်းရွှေ့လာပြီး ဆယ်စုနှစ်တစ်ခုအကြာ၊ အခုဘောလုံးရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေလို့ အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ ရှိနေပါတယ်။
Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျာမန်ထိပ်သီးကလပ်ဘိုင်ယန်မြူးနစ်က ဒီခံစစ်မှူးကို ခေါ်ယူဖို့အတွက် အံ့အားသင့်ဖွယ် စီစဉ်နေတယ်လို့ သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်သူ ဂျွန်စတုန်းစ်က ဒဏ်ရာပြဿနာတွေနဲ့အတူ ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာ ရုန်းကန်နေခဲ့ရပြီး ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ရှစ်ပွဲ ကစားထားရာမှာ လေးကြိမ်သာ ပွဲထွက်နိုင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်၊ မန်စီးတီးဆီ ပက်ဂွါဒီယိုလာ ရောက်ရှိလာပြီးနောက် ဂျွန်စတုန်းစ်က ဒုတိယမြောက်ခေါ်ယူတဲ့ ကစားသမားသစ် ဖြစ်လာခဲ့ပြီး လက်ရှိဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီနဲ့လည်း အသင်းဖော်အဖြစ် တွဲဖက်ကစားခဲ့ပါတယ်။