The network connection is lost.

Banner Image

ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာတော့မယ့် ကာဗာဂျယ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီတစ်ပတ်ပိတ်ရက်မှာ ဂုဏ်ပြုနှုတ်ဆက်ပွဲ ပြုလုပ်ပေးဖို့ ပြင်ဆင်နေရင်းနဲ့ ဒါနီကာဗာဂျယ်ကို နှုတ်ဆက်စကား ဆိုလိုက်ပြီဖြစ်ပါတယ်။

ကာဗာဂျယ်ဟာ ရီးရဲလ်အသင်းအတွက် ၄၅၀ ပွဲအထိ ကစားပေးခဲ့ပြီး ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆၅ ကြိမ် ပြုလုပ်နိုင်ခဲ့သူပါ။ သူဟာ ဒီစပိန်ထိပ်သီးကလပ်နဲ့အတူ ရယူနိုင်သမျှ ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ အသင်းမှာ ၁၃ နှစ်ကြာ ဖြတ်သန်းခဲ့စဉ်အတွင်း အသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် မှတ်တမ်းဝင်စေမယ့် ဆုဖလားကြီးပေါင်း ၂၇ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခုအခါမှာတော့ ရီးရဲလ်အသင်းက ကာဗာဂျယ် အသင်းကနေ ထွက်ခွာတော့မယ်လို့ စိတ်မကောင်းစရာ နှုတ်ဆက်မှုတစ်ခုအနေနဲ့ ကြေညာလိုက်ပါပြီ။

"ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင် ဒါနီကာဗာဂျယ်တို့ဟာ အခုဘောလုံးရာသီအကုန်မှာ အသင်းရဲ့ကစားသမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့တဲ့ ခမ်းနားတဲ့အခန်းကဏ္ဍကို အဆုံးသတ်ဖို့ သဘောတူညီခဲ့ကြပါတယ်။

ကျွန်တော်တို့အသင်းနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ဂန္ထဝင်တွေထဲက တစ်ဦးဖြစ်တဲ့ သူ့ကို ရီးရဲလ်မက်ဒရစ်အနေနဲ့ အထူးကျေးဇူးတင်ရှိကြောင်းနဲ့ ချစ်ခင်မြတ်နိုးကြောင်း ဖော်ပြလိုပါတယ်။

ဒါနီကာဗာဂျယ်နဲ့ သူ့ရဲ့မိသားစု ဘဝစာမျက်နှာသစ်မှာ အရာရာအဆင်ပြေပါစေလို့လည်း ရီးရဲလ်မက်ဒရစ်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

လာလီဂါရာသီပိတ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာကစားမယ့် ဒီစနေနေ့ပွဲစဉ်မှာ ဆန်တီယာဂို ဘာနေဗျူးကွင်းကြီးက သူ့ကို ဂုဏ်ပြုနှုတ်ဆက်သွားမှာဖြစ်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသင်းဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ကလည်း အသင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးနဲ့ လမ်းခွဲခဲ့တဲ့ အဲဒီနောက်ခံလူအတွက် သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။

"ဒါနီကာဗာဂျယ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ အကယ်ဒမီရဲ့ ဂန္ထဝင်တစ်ဦးဖြစ်သလို အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ချစ်မြတ်နိုးရတဲ့ ဂန္ထဝင်ကြီး အယ်လ်ဖရက်ဒို ဒီစတီဖာနိုနဲ့အတူ သူဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်း (Ciudad Real Madrid) အတွက် ပထမဆုံးအုတ်မြစ်ကို ချပေးခဲ့တဲ့ ပုံရိပ်က မက်ဒရစ်ပရိသတ်အားလုံးရဲ့ နှလုံးသားနဲ့ အသင်းသမိုင်းမှာ ထာဝရကျန်ရှိနေမှာပါ။ ကာဗာဂျယ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ တန်ဖိုးတွေကို အမြဲတမ်း စံနမူနာပြနိုင်ခဲ့သူပါ။ ဒါဟာ သူ့ရဲ့အိမ်ဖြစ်ခဲ့သလို နောင်လည်း အမြဲတမ်း သူ့ရဲ့အိမ် ဖြစ်နေမှာပါ" လို့ ဆိုပါတယ်။

ကာဗာဂျယ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားကို စပိန်အသင်းနဲ့အတူ သွားရောက်တော့မှာ မဟုတ်တဲ့အတွက် ဒီတစ်ပတ်ပိတ်ရက်မှာ နှုတ်ဆက်ပွဲလုပ်ပြီးတာနဲ့ သူ့ရဲ့အနာဂတ်အတွက်ကိုပဲ ချက်ချင်း အာရုံစိုက်သွားနိုင်တော့မှာ ဖြစ်ပါတယ်။